
အမေရိကန်အပေါ် အမှီအခိုကင်း လွတ်လပ်အောင်လုပ်မယ်လို့ ဂျာမနီရွေးကောက်ပွဲနိုင် ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ (CDU) ပါတီခေါင်းဆောင် ဖရိုင်းဒရစ်ဂျ်မာ့ဇ်က ပြောကြားလိုက်ပါတယ်။
ညွန့်ပေါင်းအစိုးရ ပြိုလဲခဲ့အပြီး တနင်္ဂနွေနေ့က အချိန်စောကျင်းပတဲ့ ဂျာမနီရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ဝါဒီ CDU/CSU အုပ်စုက မဲအများဆုံးရခဲ့ပြီး ပါတီခေါင်းဆောင် မာ့ဇ်ဟာ အဓိပတိဖြစ်လာဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။
မာ့ဇ်က ထရမ့်ပ်အစိုးရဟာ ဥရောပရဲ့ ကံကြမ္မာကို တော်တော်ကြီးကို အလေးမထားကြောင်း အတိအလင်း ဖော်ပြထားတယ်လို့ မှတ်ချက်ချပါတယ်။
“အဓိက ဦးစားပေးကတော့ ဖြစ်နိုင်သမျှ မြန်မြန် ဥရောပကို အားကောင်းအောင်လုပ်မှသာ အမေရိကန်အပေါ် အမှန်တကယ် အမှီခိုကင်း လွတ်လပ်နိုင်မှာဖြစ်တယ်” လို့ မာ့ဇ်က ပြောကြားခဲ့ပါတယ်။
ခရစ်ယာန်ဒီမိုကရက်တစ်ပါတီ (CDU) က တနိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားပြီး ခရစ်ယာန်ဆိုရှယ်ယူနီယံ (CSU) ပါတီက ဘာဗေးရီးယား တပြည်နယ်ထဲမှာပဲ လှုပ်ရှားတဲ့အတွက် ဒီနှစ်ပါတီကို ညွန့်ပေါင်းလို့ မသုံးဘဲ ညီအမပါတီလို့ သုံးလေ့ရှိပါတယ်။
CDU/CSU ဟာ တချိန်က ဂျာမန်အဓိပတိ အင်ဂလာမာကဲလ်ရဲ့ ပါတီဖြစ်ပြီး မာကဲလ် အနားယူပြီးနောက်ပိုင်း ရွေးကောက်ပွဲရှုံးပြီး အတိုက်အခံဖြစ်နေခဲ့တာပါ။
ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမဲ့ မဲ ၂၈ ရာခိုင်နှုန်းကျော်နဲ့ပဲ နိုင်တာဖြစ်တဲ့အတွက် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းရမှာဖြစ်ပါတယ်။
မဲ ၂၀ ရာခိုင်နှုန်းနဲ့ ဒုတိယမဲအများဆုံးရထားတဲ့ လက်ယာအစွန်းရောက် Alternative for Germany ပါတီနဲ့ ညွန့်ပေါင်းမဖွဲ့ဘူးလို့ ငြင်းထားတာဖြစ်တဲ့အတွက် ကျန်ပါတီတွေနဲ့ အချိန်ယူ ညှိနှိုင်းရဖို့ ရှိနေပါတယ်။
အရင်က အစိုးရတာဝန်ယူဖူးသူမဟုတ်တဲ့ အသက် ၆၉ နှစ်အရွယ် မာ့ဇ်ဟာ ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပရဲ့ အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံကို ဦးစီးရမှာဖြစ်ပါတယ်။
ဂျာမနီပြည်တွင်းမှာ ရွှေ့ပြောင်းကိစ္စအပေါ် သဘောကွဲလွဲနေသလို ထရမ့်ပ် လက်ထက်မှာ မဟာမိတ် မဆန်တော့တဲ့ အမေရိကန်၊ ဝိုင်းကြဉ်ခံထားရတဲ့ ရုရှား၊ ခြေရာတိုင်းလာနိုင်တဲ့ တရုတ်တို့နဲ့ ရင်ဆိုင်နေရချိန်မှာ မာ့ဇ်ဟာ တိုင်းပြည်ကို ဦးစီးရမှာဖြစ်ပါတယ်။
မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အနာဂတ်ဟာ လက်ရှိပုံစံအတိုင်း ဆက်ရှိ မရှိ ကိုလည်း စောင့်ကြည့်ရမယ်လို့ မှတ်ချက်ချပါတယ်။
မာ့ဇ်ရဲ့ CDU/CSU က ညွန့်ပေါင်းဖွဲ့ရေး ညှိနှိုင်းနေချိန်ကာလမှာ ရွေးကောက်ပွဲရှုံးသွားတဲ့ လက်ရှိအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က လအနည်းငယ် ဆက်လက်တာဝန်ယူရဖွယ် ရှိနေပါတယ်။
ရှို့လ်ဇ်ရဲ့ ဆိုရှယ်ဒီမိုကရက် (SPD) ပါတီက မဲ ၁၆ ဒသမ ၅ ရာခိုင်နှုန်းပဲ ရခဲ့ပြီး တတိယနေရာပဲ ရခဲ့ပါတယ်။
Source : Reuters