Home
နိုင်ငံတကာ
USAID ရပ်ဆိုင်းမှုကြောင့် ဆူဒန်ပြည်သူ ၂ သန်းနီးပါး အငတ်ဘေးဆိုက်နိုင်
DVB
·
February 25, 2025

အမေရိကန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်း USAID က ထောက်ပံ့မှုတွေကို ရက် ၉၀ ကြာ ဆိုင်းငံ့ထားတာကြောင့် ဆူဒန်ပြည်သူ ၂ သန်းနီးပါးအပေါ် ထိခိုက်မှုရှိနိုင်တယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

အခုလိုမျိုး လူသားချင်းစာနာမှု အကူအညီတွေ ရပ်ဆိုင်းသွားတဲ့အတွက် ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ဆူဒန်နိုင်ငံက ရပ်ရွာစားဖိုချောင် ၁,၁၀၀ ကျော်ကို ပိတ်လိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီအရေအတွက်ဟာ ဆူဒန်နိုင်ငံက ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဖွင့်လှစ်ထားတဲ့ အရေးပေါ်စားဖိုဆောင် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆူဒန်နိုင်ငံစစ်တပ်နဲ့ RSF အရန်တပ်ဖွဲ့ကြား ပဋိပက္ခကြောင့် သန်းနဲ့ချီတဲ့ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို လူပေါင်း သောင်းနဲ့ချီလည်း သေဆုံးခဲ့ရပါတယ်။

စစ်ဘေးအတွင်း အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ ဆူဒန်ပြည်သူတွေအတွက် စားဖိုဆောင် အသီသီးကို အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေက ဖွင့်လှစ်လုပ်ကိုင်နေတာပါ။

လွန်ခဲ့တဲ့လမှာ အမေရိကန်အကျိုးစီးပွားအပေါ် “အထောက်အကူပြုရဲ့လား” ဆိုတာ ဆန်းစစ်ဖို့အတွက် ထရမ့်ပ်အစိုးရက အကူအညီပေးမှု အားလုံးကို ရုတ်တရက် ရပ်ဆိုင်းခဲ့တာပါ။

ဆူဒန်ဒုက္ခသည်တွေထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အဓိက ပါဝင်နေပြီး တနေ့ တနပ်သာ စားရတဲ့အခြေအနေဆီ ရောက်နေတယ်လို့ သိရပါတယ်။

၂ နှစ်နီးပါးကြာ တိုက်ပွဲတွေအပေါ် အဆုံးသတ်နိုင်မယ့် အရိပ်အယောင်ကို မမြင်ရသေးပေမဲ့လည်း ဆူဒန်ပြည်သူတွေကတော့ ငြိမ်းချမ်းရေးနဲ့အတူ အိမ်ပြန်နိုင်ဖို့အတွက် မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် ဆူဒန်နိုင်ငံအတွက် ဒေါ်လာ ၆ ဘီလီယံ ရန်ပုံငွေကို ပြီးခဲ့တဲ့အပတ်မှာ ကုလသမဂ္ဂ တာဝန်ရှိသူတွေက တောင်းခံခဲ့ပါတယ်။

ဒါဟာ ပြည်တွင်းက လူဦးရေ ၂၁ သန်းနီးပါးနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၅ သန်းကို ထောက်ပံ့ဖို့အတွက် ဖြစ်ပါတယ်။

ဒါ့အပြင် ဒါဖာ ဒုက္ခသည်စခန်းလိုမျိုး ဆူဒန်နိုင်ငံရဲ့ အနည်းဆုံးနေရာ ၅ ခုမှာ အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှု အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013