Home
ရုပ်သံ
စစ်ကောင်စီက ရုရှားကို လုပ်သားစေလွှတ်ရန် ပြင်ဆင်နေ
DVB
·
February 25, 2025

မြန်မာလုပ်သားတွေကို ရုရှားနိုင်ငံဆီ စေလွှတ်ဖို့အတွက် MoU လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင်ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ ဇန်နဝါရီလကုန်ကစပြီး ပြည်ပကို လုပ်သားစေလွှတ်တာနဲ့ ပတ်သက်ပြီး ကန့်သတ်တာတွေ လုပ်လာသလို ဖေဖော်ဝါရီလလယ်ပိုင်းကစလို့ ပြည်ပလုပ်သားစေလွှတ်ရေး လုပ်ငန်းစဥ်တွေ ရပ်ထားခဲ့ပါတယ်။

အဲဒီလို ပြည်ပလုပ်သားစေလွှတ်ရေးနဲ့ ပတ်သက်လို့ ကန့်သတ်ထိန်းချုပ်တာတွေ လုပ်နေချိန်မှာပဲ ရုရှားနိုင်ငံကို လုပ်သားစေလွှတ်ရေး MoU လက်မှတ်ရေးထိုးဖို့ ပြင်ဆင်တာတွေ လုပ်လာတာလည်း ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “စစ်ကောင်စီက သူတို့ထိန်းချုပ်လို့ ရနိုင်မယ့် လုပ်သားမျိုးတွေကိုပဲ လွှတ်ဖို့ ပုံဖော်နေတဲ့သဘော ဖြစ်နေတယ်။ အေဂျင်စီတွေအနေနဲ့ ဘယ်လိုပါဝင်နိုင်မလဲ ဆိုတာ ခေါ်အသိပေးတာမျိုးလို့ ကြားရတယ်။ စေလွှတ်ရေး လုပ်ငန်းကတော့ ဘယ်တော့စမယ် မပြောတတ်သေးဘူး။ တခြားနိုင်ငံတွေဆီ လုပ်သားစေလွှတ်ရေးနဲ့ ပတ်သက်လို့လည်း ညွှန်ကြားချက် ရှင်းရှင်းလင်းလင်းထုတ်တာ မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ​က ရုရှားကို အလုပ်သမားစေလွှတ်ဖို့ကိစ္စကို ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုးစားနေတာ ဖြစ်ပြီး စစ်တပ်နဲ့ ဆက်နွှယ်တဲ့ အေဂျင်စီတွေက လုပ်သားစျေးကွက် ကြိုတင်ချိတ်ဆက် ရယူထားတာမျိုး ရှိတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တယောက်က “နောက်ပိုင်းဝင်လာတဲ့ အေဂျင်စီတွေထဲမှာ စစ်တပ်အသိုက်အဝန်းကသူတွေ ပါတယ်။ သူတို့က ရုရှားဈေးကွက်ကို မျှော်ကိုးထားကြတာ” လို့ ပြောပါတယ်။

ရုရှားနိုင်ငံက စက်ရုံ၊ ကုန်ထုတ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လုပ်သားလိုအပ်ချက် ရှိနေတာဖြစ်ပြီး လုပ်ငန်းအများစုက ဝန်ဆောင်ခ အခမဲ့နဲ့ ခေါ်ယူမယ့် အခြေအနေ ရှိနေတာလို့လည်း အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီ MoU စာချုပ် ချုပ်ဆိုရေး အစည်းအဝေးမှာ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးချစ်ဆွေက ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ ပြည်ပနိုင်ငံ​တွေဆီ သွားရောက်အလုပ်လုပ်ကိုင်ရာမှာ ကုန်ကျစရိတ် မြင့်မားတာ၊ ကျင့်ဝတ်သိက္ခာ မရှိတဲ့ လုပ်ငန်းရှင်​တွေဆီ အလုပ် လုပ်ကိုင်ရရင် လုပ်ငန်းခွင် ပြဿနာအမျိုးမျိုး ကြုံတွေ့ရတာ၊ နေထိုင်မှုဘဝ မလုံခြုံတာ၊ အဓမ္မ အလုပ်လုပ်ကိုင် ခိုင်းစေမှုတွေ ကြုံတွေ့ရတာ၊ အလုပ်ရှင် အလုပ်သမား ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေ ကြုံတွေ့ရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အ​ပြင် ကျွမ်းကျင်မှု အရည်အချင်းအလိုက် ရရှိရမယ့် လုပ်ခလစာကို အသိအမှတ်ပြု မရရှိတာ၊ ဥပဒေအရ သတ်မှတ်ရက်အလိုက် ရရှိမယ့် လုပ်ခလစာ မရရှိတာ၊ လုပ်အားခ ပြည့်ဝစွာ မရရှိတာ၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့် သက်တမ်းတိုး ဆောင်ရွက်ရာမှာ အခက်အခဲတွေရှိတာ၊ သွားရောက်အလုပ်လုပ်ကိုင်မယ့် နိုင်ငံရဲ့ ရာသီဥတုပြင်းထန်မှုတွေ ကြုံတွေ့နေရတာ​တွေ ရှိ​နေတယ်ဆိုပြီး ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးချစ်ဆွေရဲ့ ပြောဆိုမှုတွေအရ တခြားနိုင်ငံတွေထက် ရုရှားနိုင်ငံကို လုပ်သား အဓိကပို့ရေး ဇောင်းပေးနေတဲ့သဘော တွေ့ရှိရတယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တချို့က မှတ်ချက်ပြုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက PJ ပတ်စ်ပို့ ကိုင်ထားသူတွေကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ကတ် ထုတ်ပေးတာကို ရပ်နားထားပြီး ပြည်ပထွက်ခွာခွင့်ကို ထိန်းချုပ်ထားပါတယ်။

အဲဒါကြောင့် ပြည်ပထွက်ဖို့ ပြင်ဆင်ထားသူတွေအနေနဲ့ အလုပ်ဝင်ဖို့နောက်ကျတာ၊ လေယာဥ်လက်မှတ်ခ ဆုံးရှုးတာ စတဲ့ပြဿနာတွေ ရှိနေသလို ဝေဖန်မှုတွေလည်း ထွက်ပေါ်နေ​ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013