ပဲဆိပ်
DVB
·
February 24, 2025
Design-DVB

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းတည်ထောင်ရာတွင် ဖွဲ့စည်းထားသောတပ်ဖွဲ့၏ တိုက်စွမ်းအားကောင်းမွန်ရန် အထူးရည်မှန်းကြ၏။ တိုက်စွမ်းအားကောင်းမွန်ရန် လိုအပ်သော အခြေခံအချက်ကြီး သုံးချက်မှာ လူ၊ လက်နက်၊ စိတ်ဓာတ် ခိုင်မာအားကောင်းရမည်ဖြစ်သည်။ ထိုအထဲတွင်မှ တပ်ဖွဲ့၀င်များ၏ တိုက်ခိုက်လိုစိတ်ကို မြှင့်တင်နိုင်ရေးမှာ ခက်ခဲသော အလုပ်ဖြစ်သည်။ စိတ်သည် ရုပ်၀တ္ထုပစ္စည်းများကဲ့သို့ မြင်လွယ် တွေ့လွယ်သောအရာ မဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်လိုစိတ် မြှင့်တင်ရေးအတွက် ခိုင်မာသောခံယူချက်ကို မွေးမြူပေးကြရ၏။ ခိုင်မာသော ခံယူချက်ရှိမှသာ သက်စွန့်ကြိုးပမ်းရသော အလုပ်ကို တပ်ဖွဲ့၀င်များ အားကြိုးမာန်တက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိစစ်တပ်တိုင်း၏ စံထားတည်ဆောက်သော အဓိက ခံယူချက်မှာ နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်ရန်ဟူ၍ ဖြစ်၏။ နိုင်ငံတော်ဟူသည် အုပ်ချုပ်သူ အစိုးရ၊ အုပ်ချုပ်ခံ အများပြည်သူနှင့် ထိုသူတို့ စုပေါင်းနေထိုင်ကြသော နယ်မြေ အပိုင်းအခြားပင်ဖြစ်သည်။ လူ့အဖွဲ့အစည်း ယဉ်ကျေးတိုးတက်ပြီး အသိဉာဏ်ပညာ ပွင့်လင်းလာသည်နှင့်အမျှ အစိုးရဆိုသည် ပြည်သူတို့၏ ၀န်ထမ်းအဖြစ်သာ သတ်မှတ်ယူဆလာကြပြီ ဖြစ်သည်။ စစ်တပ်သည်လည်း ထိုနည်းတူပင်ဖြစ်၏။ ထိုကြောင့် ကမ္ဘာပေါ်ရှိ စစ်တပ်များ၏ ခံယူချက်များတွင် ၎င်းတို့၏ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်မှာ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြ၏။ ထိုသို့သော ခံယူချက်ဖြင့် ဆောင်ရွက်နိုင်သော စစ်တပ်များသည် တိုက်ရည်ခိုက်ရည် ကောင်းမွန်ကြောင်းလည်း တွေ့ရ၏။

မြန်မာပြည်တွင်လည်း ပြည်သူအားကာကွယ်ရန်ဖွဲ့စည်းထားသော စစ်တပ်၏ အာဏာလုမှု၊ သစ္စာမဲ့မှု၊ ကိုယ်ကျိုးရှာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နွေဦးတော်လှန်ရေးအဖြစ် ပေါက်ကွဲ ပေါ်ထွက်လာသော ပြည်သူ့ဆန့်ကျင်မှု ပေါ်ပေါက်လာခဲ့ရပါသည်။ အခွန်၀န်ထမ်းပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည်ဟူသော စစ်တပ်၏ မူလတာ၀န်ကို သွေဖည်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင်တစုအား ကာကွယ်နေသော မြန်မာစစ်တပ်သည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြည်သူအများ၏ ရွံရှာမုန်းတီးမှုကို ရင်ဆိုင်နေရပြီဖြစ်သည်။ ထိုသို့အခြေအနေမျိုးတွင် တိုက်စွမ်းရည်ကောင်းမွန်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ မည်မျှပင် လက်နက်အင်အား ပြည့်စုံအောင် ဖြည့်ဆည်းနိုင်သည်ဖြစ်စေ မုချ ကျဆုံးရမည်ဖြစ်သည်။ ထိုအခြေအနေကို မြန်မာစစ်တပ်အတွင်းမှ တပ်သားတိုင်းသဘောပေါက်နားလည်သင့်ပြီဖြစ်သည်။

စစ်တပ်တတပ်တွင် တပ်ဖွဲ့တည်တံ့ခိုင်မာရေးအတွက် အဓိကလိုအပ်သော ခံယူချက်၊ သန္နိဋ္ဌာန်များကို ကိုယ်တိုင်ချိုးဖောက်နေသော မြန်မာစစ်တပ်အဖို့ ရေရှည်ရပ်တည်နိုင်ရန်မှ မည်သို့မှ မဖြစ်နိုင်တော့ပေ။ "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ဟု ခံယူခဲ့ကြရာမှ စစ်အာဏာရှင်တို့၏ ယုတ်မာသောအကြံဖြင့် မျိုးစေ့ချထားသော "တပ်မတော်သာအမိ တပ်မတော်သာအဖ" ဟူသော ခံယူချက်အမှားများကို အမြန်စွန့်ပယ်ကာ ပြည်သူလူထုနှင့် အမြန်ပူးပေါင်းသင့်သောကာလသို့ ရောက်ရှိနေပြီဖြစ်သည်။

သစ္စာတရားနှင့်ပက်သက်၍ မြန်မာစစ်တပ်မှ တပ်သားများကြားတွင် ဆိုရိုးတခုရှိသည်။ "တပ်မတော်ကကျွေးထားတဲ့ ပဲကိုစားပြီး တပ်မတော်ကို သစ္စာမဖောက်နှင့် ပဲဆိပ်သင့်မည်" ဟူသော စကားဖြစ်သည်။

မြန်မာစစ်တပ်ရိက္ခာတွင် ကုလားပဲမှာ ပင်တိုင်ပါ၀င်ရာ အမှတ်အသားတခုအဖြစ် ရည်ညွှန်းပြောဆိုသော စကားဖြစ်လာခဲ့သည်။ သို့သော် ထိုပဲကိုမည်သူကကျွေးသနည်း။ တပ်မတော်ကကျွေးသော ပဲလော။ ပြည်သူကကျွေးသော ပဲလော။ မြန်မာစစ်တပ်မှ တပ်သားများ ပြန်လည်စဉ်းစားဆင်ခြင်သင့်ပေသည်။ ပြည်သူမရှိလျင် တပ်မတော်ဟူ၍ပင် ရှိမလာနိုင်ပေ။ စစ်အာဏာရှင်တစုမရှိသောကြောင့် တပ်မတော်အတွက် ထိခိုက်စရာမရှိပေ။ ပြည်သူရွေးချယ်သော အစိုးရအောက်တွင် အမှုထမ်းမှသာ စစ်သား၏မူလအလုပ်တာ၀န်ကို လိပ်ပြာလုံလုံ ထမ်းရွက်နိုင်မည်ဖြစ်သည်။ ပြည်သူကိုဖိနှိပ်သော အာဏာရှင်လက်အောက်တွင် စစ်တပ်သည် အာဏာရှင်လက်ကိုင်တုတ် အကြမ်းဖက်အဖွဲ့အဆင့်သာရှိနေမည်ဖြစ်၏။ မြန်မာစစ်တပ်မှ တပ်သားများအနေဖြင့် စစ်အာဏာရှင်တစုကြောင့်သာ စစ်တပ်ကို ပြည်သူကရွံမုန်းသော အဖြစ်မျိုး ကြုံနေကြရခြင်းဖြစ်သည်ကို အမြင်မှန်ရကြသင့်၏။

စစ်အာဏာရှင်တို့က ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို အသုံးချနိုင်ရန် အမျိုးမျိုး လုပ်ဆောင်ထားကြသည်။ စစ်တပ်၏ စံတန်ဖိုးများကိုလည်း ၎င်းတို့အလိုကျပြုပြင်ပြောင်းလဲကာ ခံယူချက်အမှားများ ဖြစ်အောင် ဝါဒမှိုင်းတိုက်ကြသည်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်းကို ဒို့သွေးလည်းမဟုတ်၊ ဒို့သားလည်းမဟုတ်၊ အဖျက်သမားများဟူ၍‌ သွေးခွဲခြင်းဖြင့်လည်းကောင်း၊ ပြည်သူလူထုအား ကာကွယ်ရမည့်တာ၀န်ကို နိုင်ငံတော်အစိုးရကို ကာကွယ်ရမည်ဟူ၍လည်းကောင်း ဝါဒမှားများဖြန့်ဝေကာ စစ်တပ်ကို အသုံးချနေကြခြင်းဖြစ်သည်။

မြန်မာစစ်တပ်မှ တပ်သားများခံစားနေရသော အကျိုးခံစားခွင့်သည်ပင် စစ်တပ်မှ ပေးထားသယောင် အထင်အမြင်မှားစေရန်စီမံထား၏။ မြန်မာစစ်တပ်မှ တပ်မှူး၊ တပ်သားများအနေဖြင့် လွဲမှားသောဝါဒမှိုင်းများဖြင့် လူမိုက်ငှားခံရခြင်းကို ရှောင်ဖယ်ကာ လက်နက်အားကိုးဖြင့် ပြည်သူလူထုအား အနိုင်ကျင့် ဗိုလ်ကျနေသော အဖွဲ့အစည်းမှ အမြန်ရုန်းထွက်ရန် အမှန်ပင် ကြိုးစားကြသင့်၏။

ယနေ့အအချိန်၌ မြန်မာပြည်အရပ်ရပ်တွင် ဖြစ်ပေါ်နေသော မြန်မာစစ်တပ်၏ ကျရှုံးမှုများသည် မြန်မာစစ်တပ်၏ လုပ်ရပ်အမှားကို ကိုယ်စားပြုလျက်ရှိသည်။ မိမိတို့တပ်ဖွဲ့တည်ထောင်ရေးအတွက် အသက်သွေးကြောဖြစ်သော စံတန်ဖိုးများ၊ သစ္စာတရားများကို ချိုးဖောက်ကာ ထမင်းကျွေးသော ပြည်သူလူထုအား နှိပ်စက်အကြမ်းဖက်နေသော အာဏာလုစစ်အုပ်စုကို ဆက်လက်သစ္စာခံနေလျင် အမှန်ပင် ပဲဆိပ်သင့်ကာ မရှုမလှ ပျက်စီးကြရမည်ဖြစ်ပါကြောင်း...။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024