Home
ဆောင်းပါး
ညီညီ စီထားပါ
DVB
·
January 12, 2025
Design_ DVB

သမိုင်းတလျှောက်တွင် အာဏာရှင်တို့၏ နိဂုံးကိုလေ့လာကြည့်လျှင် ၎င်းတို့ကျရှုံးသွားကြပုံမှာ ဆင်တူကြ၏။ ဥပမာအနေဖြင့် ဟစ်တလာ၊ ဆက်ဒန်ဟူစိန်၊ ကဒါဖီ မှသည် အာဆက် အထိ လက်နက်အားကိုး အာဏာရှင်တို့၏ နေ၀င်ချိန်သည် နီးစပ်တူညီကြသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းတို့ ကျရှုံးရန် နီးကပ်လာချိန်တွင် နောက်လိုက်နောက်ပါများကိုပါ လှည့်စား အကြောင်ရိုက်ကာ ၎င်းတို့အဖွဲ့အစည်း အောင်မြင်နေသယောင် သရုပ်ဆောင်ပြကြ၏။ ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ စိတ်ဓာတ်မြှင့်တင်ရေးကို အားထည့်ဆောင်ရွက်ကြ၏။

သို့သော် နောက်ဆုံးတွင် အလဲလဲအကွဲကွဲ ရှုံးနိမ့်ကြရသည်ချည်းဖြစ်သည်။ အချို့က အသေထွက်၊ အချို့က အရှင်ထွက် ထွက်ကြရသည်သာဖြစ်၏။ ‌သို့သော် နောက်ဆုံးအချိန်အထိ ပြည်သူအများကိုသာမက နောက်လိုက်နောက်ပါတို့၏ဘ၀ကို သူတို့ကောင်းစားရေးအတွက် လှည့်စားအသုံးချ နင်းချေ ဖျက်ဆီးသွားတတ်ကြသည်မှာလည်း တပုံစံတည်းပင်ဖြစ်၏။

မြန်မာပြည်ရှိ အာဏာလု စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ကျရှုံးအာဏာရှင်တို့၏လမ်းကို စတင်လျှောက်လမ်းနေပြီဖြစ်သည်။

တိုင်းနိုင်ငံအနှံ့ ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်ကြောင့် မင်းအောင်လှိုင် သစ္စာခံတပ်များ အဘက်ဘက်မှ ရှုံးနိမ့်‌နေသည်မှာ အလွန်ပင်ထင်ရှားလှသော အဖြစ်အပျက်များပင်ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် ပျော်ပွဲရွှင်ပွဲအမျိုးမျိုး၊ အခမ်းအနား အမျိုးမျိုးတွင် အပူရုပ်ကို ဟန်လုပ်ကာ ၎င်းတို့အဆင်ပြေ ပျော်ရွှင်နေသယောင် ဟန်ဆောင်ပြနေ၏။ ယနေ့ခေတ်၏ နည်းပညာ တိုးတက်မှုကြောင့် အခြေနေမှန်ကို ပြည်သူတရပ်လုံးမှ သဘောပေါက်သော်လည်း မင်းအောင်လှိုင်သည် အာဏာရူးပီပီ နောက်ဆုံးအချိန်ထိ တိုင်းပြည်ကို ဆွဲချသွားရန် ကြံစည်နေကြောင်း ထင်ရှားလှ၏။ မည်မျှပင် ဖိနှိပ်ရန်ကြိုးစားသော်လည်း အဖိနှိပ်ခံ ပြည်သူလူထု၏ ခိုင်မာသောပြတ်သားသော ဆန့်ကျင်မှုကြောင့် အာဏာလုစစ်အုပ်စု၏ အခြေအနေမှာ ပြန်လည် ခေါင်းထောင်နိုင်ရန် မလွယ်ကူတော့ပေ။

နွေဦးတော်လှန်ရေး၏ ‌အောင်မြင်မှုလမ်းစ ပိုမိုထင်ရှားလာသည်နှင့်အမျှ မြန်မာပြည်တွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ နိုင်ငံသစ်တည်ဆောက်ရေးအိပ်မက်များမှာ ပိုမိုထင်ရှားလာခဲ့ ပြီဖြစ်သည်။ တိုင်းရင်းသားတို့၏ ဒေသအခြေအနေနှင့် သမိုင်းနောက်ခံအရ နိုင်ငံသစ်၏ နိုင်ငံရေးအခြေအနေအပေါ် မျှော်မှန်းချက်ကွဲပြားမှုအမျိုးမျိုးရှိနိုင်ပါသည်။ သို့သော် လွတ်လပ်မျှတပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်စွမ်းရှိသော၊ အေးချမ်းတည်ငြိမ်ပြီး ကြွယ်၀သော လူ့အဖွဲ့အစည်းကိုမူ တူညီစွာ လိုလားကြသည်ချည်းဖြစ်သည်။ ထိုသို့ အေးချမ်းကြွယ်၀သော၊ လွတ်လပ်သော လူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ရန်မှာ မေတ္တာတရား၊ ကိုယ်ချင်းစာတရား နှင့် စည်းလုံးညီညွတ်မှုရှိရန် အထူးလိုအပ်လှပါသည်။

နွေဦးတော်လှန်ရေးအတွင်းတွင်လည်း တိုင်းရင်းသားအချင်းချင်းညီညွတ်ရေးကို အထိုက်အလျောက် တည်ဆောက်နိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း မြန်မာပြည်သမိုင်းတလျှောက် အအောင်မြင်ဆုံး ပြည်သူ့တော်လှန်ရေးဖြစ်လာခဲ့၏။ သို့သော် ခေတ်သစ်၊ စနစ်သစ်နှင့် နိုင်ငံသစ် တည်ရန်အတွက်မူ ထို့ထက်မကသော စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ပါသည်။ တိုင်းရင်းသားပြည်သူလူထု အချင်းချင်း၊ မျိုးနွယ်စုအချင်းချင်းဖြစ်စေ၊ မျိုးနွယ်စုတခုနှင့် တခုကြားဖြစ်စေ စည်းလုံးညီညွတ်မှုနှင့် ကိုယ်ချင်းစာတရားထားရှိနိုင်ကြရန် တိုင်းရင်းသားပြည်သူတရပ်လုံးရော၊ တိုင်းပြုပြည်ပြု ခေါင်းဆောင်များပါ အားထုတ်ကြိုးပမ်းကြသင့်ပါသည်။

ထိုသို့ နိုင်ငံသစ်အတွက် ကြိုးပမ်းကြရာတွင် ညှိနှိုင်းဆွေးနွေးမှုသည် အထူးအလေးထား အသုံးပြုရမည့် နည်းလမ်းတခုဖြစ်ပါသည်။

မြန်မာပြည်၏ နိုင်ငံရေးယဉ်ကျေးမှုတွင် လက်နက်ဖြင့် အာဏာတည်ဆောက်သောဓလေ့ ခေတ်အဆက်ဆက် ထွန်းကားခဲ့သဖြင့် တိုင်းသားပြည်သူအများ စစ်ကျွန်ဖြစ်၊ ဆင်းရဲနွံနစ်ကာ ကမ္ဘာတွင် အောက်တန်းနောက်တန်းကျခဲ့ရ၏။ ထိုသို့ဖြစ်စေခဲ့သော စစ်ဝါဒီ၊ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ဖြိုလှဲပြီးချိန်တွင် လက်နက်ဖြင့် အာဏာတည်ဆောက်ချင်သော ဓလေ့ဆိုး အကျင့်ဆိုးများကိုပါ အမြစ်ပြတ်အောင် ပယ်သတ်နိုင်ကြမှ တိုင်းပြည်သစ်၏ အနာဂတ်မှာ သာယာလှပပေလိမ့်မည်။ နည်းပညာခေတ် ကမ္ဘာတွင် ဆွေးနွေးညှိနှိုင်းတတ်သော၊ ဉာဏ်ပညာကို အခြေခံကာ တည်ဆောက်ထားသော နိုင်ငံသည်သာ ကမ္ဘာ့နိုင်ငံများကြား အေးချမ်းစွာ တန်းတူရည်တူ ရပ်တည်နိုင်မည်ဖြစ်သည်။

တော်လှန်ရေးအောင်မြင်ရန်အတွက်လည်း ဆွေးနွေးညှိနှိုင်းမှု၊ စုစည်းညီညွတ်မှုမှာ အထူး အရေးပါလှပါသည်။ လက်နက်ကိုင်တော်လှန်ရေးလည်းဖြစ်ရာ ညီညွတ်မှုမှာ မဖြစ်မနေ တည်ဆောက်ရမည့် အရာဖြစ်သည်။

ကမ္ဘာကျော်စစ်ဗျူဟာကျမ်းတိုင်း၏ အရေးပါသော အချက်များတွင်လည်း ရန်သူအကြောင်းသိခြင်း၊ မိမိအကြောင်းသိခြင်းနည်းတူ ရည်မှန်းချက်ခိုင်ခိုင်မာမာဖြင့် ညီညွတ်စည်းလုံးခြင်းမှာ အရေးကြီး အချက်ကြီးတချက်ပင် ဖြစ်သည်။ သူတလူ ငါတမင်း အခြေအနေသည် တော်လှန်ရေး အောင်မြင်ရန်အတွက်ပင် ခက်ခဲမှုများသွားနိုင်ပါသည်။

တိုင်းနိုင်ငံတို့ တည်ထောင်ရာတွင် မျက်နှာစုံညီ ညှိနှိုင်းဆွေးခြင်းသည် အလွန်အရေးပါလှကြောင်း ဗုဒ္ဓဟောကြားသော မင်းတို့အကျိုး မဆုတ်ယုတ်ကြောင်းတရားတွင်လည်း အထင်အရှား တွေ့နိုင်သည်။ ထိုအချက်များမှ ညီညွတ်စွာ မပြတ်စည်းဝေးတိုင်ပင်ခြင်း၊ အစည်းအဝေးသို့ တစုတရုံးတည်း အညီအညွတ် တက်ရောက်၍ မင်းတို့ ပြုဘွယ်ကိစ္စကို ညီညွတ်စွာပြုကြပြီးကာ တစုတရုံးတည်း ညီညွတ်စွာ ပြန်ကြခြင်း ဆိုသော အချက်များမှာ ယနေ့အချိန်အထိ ခေတ်မီ မှန်ကန်နေကြောင်း တွေ့ရသည်။

ဆိုးယုတ်လှသော စစ်အာဏာရူးတို့မှာ ထိုသို့သော တရားများကို မျက်ကွယ်ပြု အစွန်းရောက်သူများဖြစ်ရာ အပြီးတိုင်ချေမှုန်းရမည်သာ ဖြစ်သည်။ ၎င်းတို့အလွန်တွင် မြန်မာပြည်အတွင်း လူဦးရေအများဆုံးဖြစ်သော ဗမာတိုင်းရင်းသားများအနေဖြင့်လည်း ခိုင်မာအားကောင်းသော စုဖွဲ့မှု၊ ညီညွတ်မှုများရှိမှသာ ဖက်ဒရယ်ယူနစ်များ တည်ဆောက်ရာတွင် အဆင်ပြေ ချောမွေ့နိုင်မည်ဖြစ်သည်။ မိမိတို့ အချင်းချင်းကြားတွင်လည်းကောင်း၊ အခြား တိုင်းရင်းသားများကြားတွင်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံသစ်တည်ထောင်နိုင်ရေးကို ရှေုးရှုကြရမည်ဖြစ်သည်။

ညီညီညာညာ ညှိနှိုင်းထားသော သဘောတူညီချက်များနှင့် အစီစဉ်တကျ တိုက်ပွဲ၀င်ခြင်းဖြင့်သာ အနာဂတ်ဖက်ဒရယ်နိုင်ငံသစ်ဆီ လှမ်းချီနိုင်မည်ဖြစ်ရာ တိုင်းရင်းသားပြည်သူတရပ်လုံး အကျိုးစီးပွားအတွက် တော်လှန်ရေးသမားအပေါင်းတို့အား ညီညီစီထားကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024