Home
မြန်မာသတင်း
အာဏာရှင်များက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒမရှိဟု ကေအန်ယူ ပြော
DVB
·
December 30, 2024

အုပ်ချုပ်သူ လူမျိုးကြီးဝါဒီ အာဏာရှင်တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒသဘောထား မရှိခဲ့ကြဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောဆိုလိုက်တာဖြစ်ပြီး လူမျိုးကြီးဝါဒ အာဏာရှင်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရိုးရိုးသားသားဖြေရှင်းပြီး ပြေလည်အောင်မလုပ်ရင် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ လုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

နိုင်ငံကို အုပ်ချုပ်သူအစိုးရအဆက်ဆက်ရဲ့ အမျိုးသားတန်းတူရေးကို အသိအမှတ်မပြုဘဲ ဖိနှိပ်အုပ်ချုပ်တာ၊ တရားမျှတမှု မရှိတာတွေကြောင့် လူမျိုးတမျိုးနဲ့ တမျိုးတို့အကြား၊ ပြည်သူလူထုနဲ့ အုပ်ချုပ်သူအစိုးရအကြားမှာ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေကို ဖြစ်ပေါ်စေခဲ့ပြီး ကရင်လူမျိုးတို့ရဲ့ လူမျိုးတမျိုးအဖြစ် ရှင်သန်ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရုန်းကန်လှုပ်ရှားခဲ့ကြတဲ့အပေါ် အာဏာရသူတွေ၊ နိုင်ငံအုပ်ချုပ်သူတွေက တရားတဲ့နည်းလမ်းနဲ့ မဖြေရှင်းပေးခဲ့ကြတဲ့အပြင် လက်နက်အားကိုးနဲ့ အင်အားနည်းသူတွေကို ဖိနှိပ်ခြယ်လှယ် ချေမှုန်းလာခဲ့တာကြောင့် ကရင်လူမျိုးတို့ရဲ့ လှုပ်ရှားမှုဟာ လက်နက်ကိုင်တော်လှန်ရေး အသွင်သဏ္ဌာန်အဖြစ် ပြောင်းလဲလာခဲ့တာဟာ ၁၉၄၉ ခုနှစ်ကနေ ဒီနေ့အထိ ဖြစ်တယ်လို့ ပြောပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားဖို့၊ ပြည်တွင်းပဋိပက္ခနဲ့ လူမျိုးရေး ပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းတာကို ရပ်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာ ညှိနှိုင်းသွားကြဖို့ တော်လှန်ရေးကာလတလျှောက်လုံး ကေအန်ယူက အမြဲတစေ တင်ပြတောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗမာစစ်တပ်ကတော့ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူပြီး စစ်အုပ်ချုပ်ရေးစနစ်အမျိုးမျိုးနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့ပြီး ပြည်သူလူထုနဲ့ လူမျိုးအလိုက် တော်လှန်သူတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်ကြတာကြောင့် အုပ်ချုပ်မှုပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲအုပ်ချုပ်ခဲ့ပေမဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကိုတော့ မစွန့်ပယ်ခဲ့ကြဘူးလို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ တွေ့ဆုံဆွေးနွေးတာတွေဖြစ်လာပြီး တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် တည်ဆောက်သွားကြဖို့ သဘောတူညီချက်ရလဒ် ရရှိခဲ့ကြပေမဲ့ အဲဒီလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ အရေးဟာ ဗမာစစ်တပ်အတွက် အာဏာယုတ်လျော့ ပျောက်ကွယ်သွားမယ်ဆိုတဲ့ စိုးရိမ်ပူပန်စရာ ဖြစ်လာစေတာကြောင့် ထပ်တလဲလဲ အဓမ္မ အာဏာသိမ်းယူခဲ့ကြတယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ စစ်ပွဲကြီးငယ်တွေကြောင့် စစ်ဘေးရှောင်ဒေသခံပြည်သူတွေ တနေ့တခြား တိုးပွားလာနေပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ ကြမ်းတမ်းဆင်းရဲတာတွေကို ဘယ်အချိန်ထိ ကြာဦးမယ် ဆိုတာကို မသိနိုင်၊ မခန့်မှန်းနိုင်တာကြောင့် ရှေ့ရေးအတွက် ရတက်မအေး ဖြစ်နေကြတာကို နားလည်တယ်လို့ ဆိုပါတယ်။

ဒါတွေကို စာနာထောက်ထားပေမဲ့ အခုအထိတိုင် ဆင်နွှဲတိုက်ပွဲဝင်နေတာဟာ ဒီနေ့ခေတ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ တခုတည်းသာမက နိုင်ငံတွင်းက မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ရဲ့ အသွင်သဏ္ဌာန်အမျိုးမျိုးကို အပြီးတိုင် လုံးဝချုပ်ငြိမ်း၊ ပျက်သုဉ်းသွားတဲ့အထိ တိုက်ဖျက်သွားဖို့ မျှော်မှန်းထားကြောင်းလည်း ဆိုပါတယ်။

ဒီမျှော်မှန်းချက် ပြည့်စုံစေဖို့ လုပ်ဆောင်ရမယ့် တခြားနည်းလမ်း မရှိတော့တာကြောင့် ကရင်လူမျိုးတွေ၊ လူမျိုးစုတွေ၊ တိုင်းရင်းသား မိဘပြည်သူတွေအနေနဲ့ အခြေအနေအရပ်ရပ်ကို အတူတကွ နားလည်သိရှိလက်ခံပြီး ရင်ဆိုင်သွားကြဖို့နဲ့ အတူလက်တွဲပြီး အောင်မြင်မှုရရှိဖို့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ အတူရပ်တည်တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းအားပေးရင်း အသိပေးကြေညာ ဖိတ်ခေါ် ကမ်းလှမ်းလိုက်ပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေအရ မိမိကိုယ်ကို ကရင်လူမျိုးတယောက်လို့ အသိအမှတ်ပြုသူတိုင်း၊ ကရင့်အရေး ဆောင်ရွက်နေတယ်လို့ ကြွေးကြော်လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတိုင်းဟာ ကရင့်အမျိုးသားရေးအတွက် တခုတည်းသော နိုင်ငံရေး၊ အမျိုးသားရေး ဦးဆောင်ဦးရွက်ပြုမှု အောက်မှာ စုစည်းလက်တွဲ လုပ်ဆောင်ပါဝင်ပေးဆပ်ချိန် တန်ပြီလို့လည်း သူက ပြောပါတယ်။

ပြီးတော့ ‘ကော်သူးလေအုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး’ လက်စွဲကို အတည်ပြု သတ်မှတ်ကိုင်စွဲပြီး ‘ကော်သူးလေအစိုးရ’ တရပ်အနေနဲ့ တည်ဆောက်ရပ်တည် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013