ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာနဲ့ မိုင်းနင်းမိတာတို့ကြောင့် ဖေဖော်ဝါရီလအတွင်း ကလေးငယ်တွေ အပါအဝင် ၂၁ ယောက်သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ကွတ်ခိုင်မြိုနယ်၊ နမ့်ဆိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၂ ရက်က ကလေး ၄ ယောက်ဟာ ချောင်းမှာ ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကို နင်းမိလို့ ၂ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း နမ့်ခမ်းမြိုနယ်၊ ဟိုဆိုင်းကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးစိုင်းငိုဟာ ကြံခင်းထဲမှာ စစ်ကောင်စီ ထောင်ထားခဲ့တဲ့မိုင်းကို ခုတ်မိလို့ ပေါက်ကွဲပြီး ခန္ဓာကိုယ်တခုလုံးနဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
သီပေါမြို့မှာတော့ ဒေသခံအမျိုးသားတယောက်ဟာ စစ်ကောင်စီတပ်စခန်း ချခဲ့ဖူးတဲ့ မြရွှေဂူဘုန်းကြီးကျောင်းဘေးမှာ ဖေဖော်ဝါရီ ၆ ရက်က လက်ကျန်မိုင်းကိုတွေ့ရှိပြီး ကောက်ယူဆော့မိရာကနေ ပေါက်ကွဲလို့ ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရခဲ့သလို မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာက ကလေး ၂ ယောက်ဟာ လက်ပစ်ဗုံးတလုံးကို ကောက်ယူဆော့လို့ ပေါက်ကွဲပြီး ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရသွားပါတယ်။
အဲဒီနေ့မှာပဲ နောင်ချိုမြို့၊ သပြေတောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က ဗုံး ၁ လုံး ကြဲချတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး အိမ် ၅ လုံးပျက်စီးခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်မှာတော့ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်ကို လေကြောင်းကနေ ဗုံအလုံး ၂၀ လာရောက်ကြဲချလို့ ပြည်သူ ၅ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရသွားပါတယ်။
သီပေါမြို့နယ်၊ ကုန်းစုံကျေးရွာမှာ ကလေး ၂ ယောက်ဟာ စစ်ကောင်စီထောင်ထားခဲ့တဲ့မိုင်းကို ဖေဖော်ဝါရီ ၁၁ ရက်က နင်းမိလို့ ဒဏ်ရာအပြင်းအထန်ရသွားပြီး အဲဒီရွာမှာပဲ ဖေဖော်ဝါရီ ၂၁ ရက်နေ့က မိသားစုတခုဟာ ကောက်ယူလာတဲ့ဗုံးကို အိမ်ထဲမှာ ဆော့ကစားမိရာကနေ ပေါက်ကွဲလို့ ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်ကလည်း နောင်ချိုမြို့နယ်က ဘူတာရပ်ကွက်နဲ့ ဆေးရုံပေါ်ကို ဗုံး ၂ လုံး ကြဲချလို့ ပြည်သူ ၃ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရသလို လောက်ဖန်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် သေ၊ ကလေးအပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကိုလည်း ဖေဖော်ဝါရီ ၂၀ ရက်မှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရပြီး ၂၂ ရက်နေ့မှာတော့ နောင်ချိုမြို့နယ် ရွှေမုဋ္ဌောကျေးရွာနဲ့ တောင်ရှည်ကျေးရွာကို ဗုံး ၃၂ လုံး လာရောက်ကြဲချတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် သေဆုံးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၃ ရက်က တောင်ရှည်နဲ့ မန်မော်ကျေးရွာကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးကို အသုံးပြုတိုက်ခိုက်တာကြောင့် TNLA တပ်သား ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ၄ ယောက်ကတော့ အပြင်းအထန်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံး ၃ လုံး လာရောက်ကြဲချလို့ မယ်သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။