Home
မြန်မာသတင်း
TNLA တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ ပဋိပက္ခ ထပ်မံဖြစ်ပွား၊ ကချင်တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရ  
DVB
·
February 28, 2025
Photo: KIA နဲ့ နီးစပ်သူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်) ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၁၂ နာရီကျော်က TNLA တပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့တို့အကြား ပဋိပက္ခ ထပ်မံဖြစ်ပွားပြီး KIA တပ်ဖွဲ့ဝင် ၁၁ ယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း KIA  နဲ့ ဒေသခံတွေဆီက သိရပါတယ်။

KIA နဲ့ နီးစပ်သူတယောက်က “မန်တုံဘက် KIA တပ်ဖွဲ့တွေကို TNLA တပ်ဖွဲ့က လာရောက်ရိုက်နှက်လို့ ၁၁ ဦး ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ KIA တပ်ဖွဲ့ ဝင်တွေကို TNLA ဘက်က ဆေးကုပေးနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

မန်မောက်ရွာမှာရှိတဲ့ KIA တပ်မဟာ ၄၊ တပ်ရင်း ၃၄၊ အင်အား ၁၀၀ ခန့်ရှိ တပ်စခန်းကို နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာနဲ့ မန်တုံဘက်က ဆင်းလာတဲ့ TNLA တပ်ဖွဲ့ အင်အား ၄၀၀ ဝန်းကျင်ခန့်က ဝိုင်းဝန်းပိတ်ဆို့ကာ လာရောက်စီးနင်း ရိုက်နှက်ခဲ့ရာက KIA တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့တာလို့ သူက ပြောပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “အဓိကရန်သူဖြစ်တဲ့ စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်နေချိန် အခုလိုဖြစ်တော့ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။

အခုလို KIA နဲ့ TNLA မကြာခဏ ပြဿနာ ဖြစ်လာနေပါက တချိန်ချိန် အချင်းချင်း တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မန်တုံမြို့နယ်မှာ KIA တပ်ဖွဲ့ နဲ့ TNLA တပ်ဖွဲ့တို့အကြား ပဋိပက္ခ ဖြစ်ပွားပြီး KIA တပ်မဟာ ၄၊ တပ်ရင်း ၃၄ က တပ်စခန်း ၂ ခုနဲ့ ဂိတ်စခန်းတွေကို TNLA ဘက်က သိမ်းယူခဲ့ကြောင်း KIA အသိုင်းအဝိုင်းကနေ သိရပါတယ်။

အခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း KIA တပ်ဖွဲ့ နဲ့ TNLA တပ်ဖွဲ့တို့အကြား ပဋိပက္ခ  ၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024