Home
ရုပ်သံ
KIA နှင့် ပဋိပက္ခ ဆက်လက်မကြီးထွားရေး ထိန်းသိမ်းဆောင်ရွက်နေဟု TNLA စစ်ဦးစီးချုပ်ပြော
DVB
·
March 1, 2025
TNLA -01032025

KIA နဲ့ TNLA တို့အကြား ဖြစ်ပွားနေတဲ့ မြေပြင်ပဋိပက္ခတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတယ်လို့ TNLA စစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ် KIA တို့အကြား အခုရက်ပိုင်းမှာ မြေပြင်တပ်ဖွဲ့ဝင်တွေ အပြန်အလှန် အငြင်းပွားမှုတွေ ဖြစ်ပွားလျက်ရှိတာကြောင့် မြေပြင်ပွတ်တိုက်မှုတွေ၊ ပဋိပက္ခတင်းမာမှုတွေ ဆက်လက်မကြီးထွားစေဖို့အတွက် ဆောင်ရွက်နေကြောင်း PSLF/TNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်က ဖေဖော်ဝါရီ ၂၈ ရက် မန်တုံမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

“ဒေသခံလူထုတွေအနေနဲ့ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ TNLA တို့အကြား ဖြစ်ပွားနေတဲ့ အောက်ခြေအငြင်းပွားမှုတွေ၊ ပွတ်တိုက်မှုတွေကို ဒီထက် ပြဿနာမကြီးထွားအောင်၊ ပဋိပက္ခတွေ မဖြစ်ပွားအောင် စီမံဆောင်ရွက်နေတယ်၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တယ်ဆိုတဲ့အကြောင်းကို ပြောကြားတာဖြစ်ပါတယ်” လို့ TNLA သတင်းနှင့် ပြန်ကြာရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

ဒါ့အပြင် မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန် အသိအမှတ်ပြုဖို့ မဟာမိတ်တည်တံ့ခိုင်မြဲစေဖို့၊ နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမယ့်အချိန်ဖြစ်ပြီး မဟာမိတ်ကတိကဝတ်ကို ရှေးရှုကာ မဟာမိတ်ကြား မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားလာစေဖို့ မဟာမိတ်နှစ်ဖက်လုံးက သတိထားဆောင်ရွက်ရမှာဖြစ်ပြီး ဆက်ဆံရေးတင်းမာမှုတွေကို ညှိနှိုင်းဖြေရှင်းရမယ်လို့လည်း ဗိုလ်ချုပ် တားဟိုပလန်က ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ မန်ပွန်း (ကချင်) ကျေးရွာအုပ်စု၊ မန်မောက်ရွာမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နေ့လယ်က KIA တပ်စခန်းကို TNLA တပ်ဖွဲ့က သွားရောက်စီးနင်းရာမှ KIA တပ်သား ၁၀ ဦးဟာ ပျောက်ဆုံးခဲ့ပါတယ်။

လွေးယေဦးက “ပြီးခဲ့တဲ့ကိစ္စမှာ ဖမ်းဆီးလိုက်သူတွေကို သူတို့တပ်ရင်းဌာနတွေဆီ ဆက်သွယ်လွှဲပြောင်းပေးထားပါတယ်။ တဖက်မှာလည်း ဒီပြဿနာတွေ နည်းသွားပြီး ပြဿနာတွေ ထပ်မရှိလာစေဖို့ ဗဟိုနဲ့တွေ့ဆုံဖို့ စာတွေပို့ထားပါတယ်။ လက်ရှိမှာတော့ ကျမတို့ဆီကို ပြန်လည်အကြောင်းကြားတာမျိုးမရှိသေးပါဘူး” လို့ ပြောပေးပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက်က မြို့တွေနဲ့ KIA ထိန်းချုပ်ထားတဲ့ မြို့တွေ၊ နယ်စပ်နေရာတွေမှာ အောက်ခြေတပ်ဖွဲ့တွေအကြား မကြာခဏ ပွတ်တိုက်မှုတွေ ဖြစ်ကြပေမဲ့ နှစ်ဖက်တပ်တွေကတော့ လက်နက်သုံး ဖြေရှင်းတာမျိုးတော့ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024