
ပထမအကြိမ် ဆွေးနွေးပွဲမအောင်မြင်တဲ့အတွက် စစ်ကောင်စီနဲ့ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ TNLA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။
တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ရလဒ်မထွက်ပေါ်ခဲ့ဝာာကြောင့် နောက်တကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ စီမံဆောင်ရွက်နေတယ်လို့ လွေးယေဦးက ပြောပါတယ်။
“အခုလက်ရှိ ကျမတို့ PSLF/TNLA ရင်ဆိုင်နေရတဲ့ တရုတ်ရဲ့ ဖိအားတွေ ဖြစ်ပါတယ်။ လတ်တလောမှာ ကျမတို့ အပစ်ရပ်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့လည်း ညှိနှိုင်းဖို့ အဆင်မပြေသေးတာရယ်၊ ညှိနှိုင်းဖို့ အဆင်သင့်မဖြစ်သေးတာရယ်၊ ဆွေးနွေးမှုက ရလဒ်မထွက်ပေါ်သေးဘူး။ တရုတ်အစိုးရရဲ့ ဖိအားက ဆက်ရှိနေသေးတာကြောင့် တဖန် တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ဆောင်ရွက်တာမျိုးတွေရှိပါတယ်။”
စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်ကာ စစ်ရေးအရ ဖိအားပေးတာတွေ ပြုလုပ်သလို မြေပြင်ကလည်း စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းမှာ တောင်ခမ်းမှာ၊ အုမ္မတီး၊ အုန်းမခါးမှာတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီတရက်၊ နှစ်ရက်မှာတော့ တိုက်ပွဲသတင်းတက်လာတာမျိုးတော့ မရှိသေးပါဘူး” လို့ လွေးယေဦးက ဆက်ပြောပါတယ်။”
စစ်ကောင်စီအနေနဲ့ တောင်ခမ်းကို လက်မလွှတ်ရရေးနဲ့ စစ်ရေးအရ ဖိအားပေးဖို့ စစ်ကူအင်အား တောက်လျှောက်ဖြည့်တင်းနေတာကြောင့် လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။