Home
မြန်မာသတင်း
ရေဦးတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် စေတီပုထိုးများ ပျက်စီး
DVB
·
February 28, 2025
Photo ; People’s Defense Comrade

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စေတီပုထိုးတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

People’s Defense Comrade (ရေဦး) ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “မဲအိုးရွာက ဖောင်တော်ဦးဘုရားကုန်းကို မိတ္ထီလာရှမ်းတဲက တက်လာတဲ့ MIG29 ဂျက်ဖိုက်တာက ပေါင် ၁၀၀ ဗုံး ၂ လုံး ချသွားလို့ ဘုရားဝင်းထဲက စေတီပုထိုးတွေ ဗုံးစထိမှန်ပြီးတော့ ပျက်စီးသွားပါတယ်။ ဘုရားဝန်းတခုလုံးလည်း ပျက်စီးသွားတယ်။ ဗုံးသီး ၂ လုံးလုံးက ဘုရားဘေးက ရေကန်ထဲကျလို့ပေါ့။ မြေပြင်ပေါ်ကျရင် မလွယ်ဘူး” လို့ ပြောပါတယ်။

အဆိုပါ မဲအိုးကျေးရွာမှာ အဲဒီနေ့မနက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရေဦးမြို့နယ် လျှပ်စစ်တာဝန်ခံတယောက်ရဲ့ မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ရေဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “အဲဒီတုန်းက လေယာဥ်က မင်္ဂလာဆောင်ကို ဗုံးကြဲတာ ဖြစ်ဖို့များတယ်ဗျ။ မင်္ဂလာဆောင်ကလည်းအပြီး ဗုံးကြဲခံလိုက်ရတာရယ်၊ မင်္ဂလာဆောင်လုပ်တဲ့နေရာကို မကျဘဲ ရွာထိပ်က ဘုရားကုန်းဝန်းထဲကို ကျတာရယ်ကြောင့် ဒီရွာကလူတွေ ထိခိုက်တာတော့ မရှိဘူး။ ဒါပေမဲ့လည်း ဘုရားကုန်းက ဘုရားတွေတော့ ပျက်စီးကုန်တယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက်လည်း ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ မြေပြင် ဝေဟင် အန္တရာယ်တွေကို သတိထားနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “စစ်ကိုင်းထဲမှာက မြေပြင်အနေအထားအရ PDF စိုးမိုးနယ်မြေ အမြောက်အမြား ရရှိထားတယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကို ကျနော်တို့တိုင်းထဲမှာတင် မဟုတ်ဘူး၊ တခြားပြည်နယ်နဲ့ တိုင်းတွေက တော်လှန်ရေးအဖွဲ့အစည်းတွေလည်း မကာကွယ်နိုင်ကြသေးဘူး။ ဘယ်ကမှလည်း လေကြောင်းရန်ကာကွယ်ဖို့ လက်နက်ပစ္စည်းနဲ့ ဘတ်ဂျက်ချပေးတာ မရှိဘူး။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကလည်း ပြည်သူတွေကို လေကြောင်းအန္တရာယ် သတိထားကြဖို့ပဲ တိုက်တွန်းနိုင်တယ်။ နောက်တချက်က လူစုလူဝေးတွေ မလုပ်ကြဖို့ပေါ့။ မင်္ဂလာဆောင်တွေလို အလှူပွဲတွေလို လူစုလူဝေးနဲ့လုပ်ရမယ့် အခမ်းအနားတွေ မလုပ်ကြဖို့ ကိုယ့်ဘက်က အဖွဲ့အစည်းက စည်းကမ်းထုတ်ပြန်ပြီး ကိုယ်ကမလိုက်နာရင်လည်း ခံရမှာက ပြည်သူပဲဆိုတာတော့ တော်လှန်ရေးနဲ့ ဆက်နွှယ်နေတဲ့သူတိုင်း သတိချပ်စေချင်တယ်။ အခုကိစ္စကလည်း ဒလန်သတင်းပေးကြောင့် ဖြစ်ရတယ်ဆိုတာ သတင်းရထားပြီးပါပြီ။ ဒလန်သတင်းပေးဆိုတာလည်း ကိုယ့်ဘက်ကော သူ့ဘက်ကော ရှိတယ်ဆိုတာ နားလည်ကြဖို့လိုတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင် ကျင်းပပြုလုပ်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားလို့ ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013