
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဟဲနားရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၁ နာရီလောက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လျှပ်စစ်မီးတိုင်နဲ့ မီးကြိုးတွေ ပျက်စီးသွားတယ်လို့ မြို့နယ် ပအဖနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဂျက်ဖိုက်တာ အမျိုးအစားလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်သွားခဲ့တာ ဖြစ်ပြီး လေယာဉ်အသံကြားကတည်းက အရပ်သားတွေ ဗုံးခိုကျင်းထဲ ဝင်ရောက်နေခဲ့တာကြောင့် ထိခိုက်မှု မရှိဘူးလို့ ကသာမြို့နယ် ပအဖတာဝန်ရှိသူတယောက်က ပြောပါတယ်။
“လေယာဉ်တက်လာပြီဆိုတဲ့ အသိပေးချက်တွေ ကြိုတင်ရလို့ ကြိုတင်ရှောင်နိုင်ခဲ့တာပါ။ ချသွားတဲ့ လေယာဉ်က မန္တလေးမြို့တံတာဦးက လာတာလား၊ မိတ္ထီလာရှမ်းတဲက တပ်လာတာလား ဆိုတာကိုတော့ အတိအကျ မသိဘူးဗျ။ ဗုံးသီး ၂ လုံးချလို့ လျှပ်စစ်ကြိုးတွေ၊ လျှပ်စစ်တိုင်တွေနဲ့ လူနေအိမ်တချို့ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ဒေသခံရွာသားတယောက်ကလည်း “ချတဲ့ နေရာက ပကဖ စစ်ဆေးရေးဂိတ်ကို ချတာဖြစ်မယ်ဗျ။ အဲလိုချလို့ လူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၁၁ ကေဗွီ ဓာတ်အားလိုင်းခန်း ၅ ခန်းပျက်စီးတယ်။ နောက်ပြီး ၀.၄ ကေဗွီ ဓာတ်အားပေးလိုင်းခန်း ၃ ခန်းနဲ့ လျှပ်စစ်ဓာတ်တိုင်တွေ၊ လျှပ်စစ်ကြိုးတွေ ပျက်စီးသွားတယ်” လို့ပြောပါတယ်။
ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးတာတွေ မလုပ်တော့ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်သလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြားဖို့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက အသိပေးထုတ်ပြန်ထားပါတယ်။