မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ တာကြောင့် ဘုရားဆင်းတုတော်တွေ၊ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးကုန်တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) ကနေ သိရပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ထန်းပင်ကန်ရွာနဲ့ ဇရပ်ကြီးရွာတွေကို အကြောင်းမဲ့ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲသွားခဲ့တာပါ။ ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံတွေ၊ ဘုရားဆင်းတုတော်တွေ၊ ဇရပ်တွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားခဲ့ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ထန်းပင်ကန်ကျေးရွာက ဓမ္မာရုံအနီးကို ဖေဖော်ဝါရီ ၂၂ ရက် ည ၉ နာရီဝန်းကျင်နဲ့ ည ၁၁ နာရီဝန်းကျင်တို့မှာ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဓမ္မာရုံအဆောက်အုံတလုံး၊ လူနေအိမ် ၅ လုံးနဲ့ ကျေးရွာပိုင် 200 KVA ထရပ်စဖော်မာတလုံးတို့ ထိခိုက်ပျက်စီးခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ ဝန်းကျင်မှာလည်း ဇရပ်ကြီးကျေးရွာ အနောက်ဘုရားကြီးကုန်းပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားတိုက်နဲ့ ဇရပ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးကုန်တယ်လို့ သူက ဆက်ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ အဆိုပါကျေးရွာတွေက သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကတော့ ကြိုတင်တိမ်းရှောင် ထွက်ပြေးနိုင်ခဲ့ကြတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူ မရှိပေမဲ့ လယ်ယာသုံး ခိုင်းနွားတချို့တော့ ဗုံးစထိမှန် သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “စစ်တပ်ရဲ့ ပြည်သူအပေါ် ယုတ်မာရက်စက်မှုတွေက အထူးပြောပြစရာ မလိုတော့ပါဘူး။ အခုလထဲမှာတင် တောင်သာနယ်ထဲက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဆက်တိုက် ဗုံးကြဲနေတယ်ဆိုတာ ပြည်သူအားလုံး သိကြပြီးဖြစ်တဲ့အတိုင်းပါပဲ။ ပြည်သူကို သတ်ဖြတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေကို ဖက်စစ်တပ်က ဖျက်ဆီးနေတာ ဖြစ်တယ်။ အခုလည်း ထန်းပင်ကန်ရွာနဲ့ ဇရပ်ကြီးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ဂျက်ဖိုက်တာနဲ့ သက်သက်မဲ့ ဗုံးကြဲသွားတာပါ” လို့ DVB ကို ပြောပါတယ်။
တောင်သာမြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေးထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့် လိုက်နာပေးကြဖို့နဲ့ ရဟန်းသံဃာတော်တွေနဲ့ ပြည်သူအချင်းချင်းတွေကြားမှာလည်း စစ်တပ်ရဲ့ လေယာဥ်သံကြားရင် အချက်ပေးပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အစီအမံတွေကို အရေးပေါ် ပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီနဲ့ တောင်သာမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။