
ဘရာဇီးနိုင်ငံ၊ ဆောင်ပေါလိုမြို့က ရထားကုမ္ပဏီတခုဟာ ရထားသံလမ်းတွေ အပူလွန်ကဲခြင်းကနေ ကာကွယ်နိုင်တဲ့နည်းလမ်းတခုအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အဖြူရောင်ဆေးတွေကို ရထားသံလမ်းတွေမှာ အသုံးပြုခဲ့ပါတယ်။
ဆောင်ပေါလိုမှာ ရထားလိုင်းတွေ ပြေးဆွဲလုပ်ကိုင်တဲ့ ဗိုင်ယာမိုဘီလီဒါဒေကုမ္ပဏီဟာ ရထားလိုင်း အမှတ် ၈ နဲ့ အမှတ် ၉ တို့မှာ ရထားသံလမ်းကို အဖြူရောင်ဆေးသုတ်ပြီး အပူစုပ်ယူမှုကို လျှော့ချဖို့နဲ့ လမ်းကြောင်းတွေ ချဲ့ချိန်မှာ ဖြစ်တတ်တဲ့ အပူကြောင့် ရထားသံလမ်းတွေ ကွေးသွားတတ်တာမျိုးကနေ ကာကွယ်ဖို့ လုပ်ဆောင်ခဲ့တာပါ။
သမိုင်းမှတ်တမ်းတွေအရ အပူချိန်ပိုမိုမြင့်မားတတ်တဲ့ နွေရာသီအတွက် ပြင်ဆင်နေတာဖြစ်ပြီး ရထားလမ်းတွေဟာ မြင့်မားတဲ့အပူချိန်နဲ့ ထိတွေ့မိရင် အရွယ်အစားပိုကြီးလာတတ်တဲ့ စနစ်ကိုလည်း ကာကွယ်ဖို့လုပ်နေတာလို့ ရထားကုမ္ပဏီမှ ပြုပြင်ထိန်းသိမ်းရေး မန်နေဂျာ အလန် ဆန်တာနာ ဒီပေါ်လာက ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့အတွက် အဖြူရောင်၊ သတ္တုနဲ့ ရေကိုအခြေခံတဲ့ သုတ်ဆေးကို အသုံးပြုတာဖြစ်ပြီး ဒီဆေးရဲ့လုပ်ဆောင်ချက်က နေရောင်ခြည်ကို ရောင်ပြန်ဟပ်စေတာကြောင့် သတ္တုဟာ အဲဒီအပူအားလုံးကို မစုပ်ယူနိုင်တော့ဘူးလို့လည်း သူက ဆိုပါတယ်။
ရထားသံလမ်းတွေကို အဖြူရောင်ဆေး သုတ်လိုက်ခြင်းကြောင့် ကုမ္ပဏီဟာ သံမဏိရဲ့ အပူချိန်ကို အနည်းဆုံး ၆ ဒီဂရီစင်တီဂရိတ် (၄၃ ဒသမ ၇ ဖာရင်ဟိုက်) အထိ လျှော့ချနိုင်ဖို့ မျှော်လင့်ထားပြီး အဲဒါကနေ လမ်းချော်မှုတွေနဲ့ နှောင့်နှေးမှုတွေလို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ချွတ်ယွင်းမှုအန္တရာယ်ကို လျှော့ချပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒီနည်းပညာကို ဥရောပမှာ သုံးစွဲနေပြီး အီတလီ၊ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ ဗြိတိန်တို့လို နိုင်ငံတွေမှာလည်း အသုံးပြုထားပါတယ်။
Source: Reuters