
မကြာသေးမီ သီတင်းပတ်တွေတုန်းက အမေဇုန်မိုးသစ်တောရဲ့ သစ်တောအထူထပ်ဆုံး ဒေသတွေထဲက တခုကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခုထဲမှာ ထရပ်ကားအစီးရေ ၅,၀၀၀ ကျော်နဲ့ ညီမျှတဲ့ သစ်လုံးတွေကို ဘရာဇီး သဘာဝပတ်ဝန်းကျင်ဌာနက သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေဇိုးနပ်စ်၊ ပါရာနဲ့ ရွန်ဒိုနီယာ ပြည်နယ်တွေမှာ လွှစာမှုန့်အမျိုးအစားတမျိုးရဲ့ နာမည်ကိုသုံးပြီး နာမည်ပေးထားတဲ့ မာရာဗယ်ဟာ စစ်ဆင်ရေးလို့ ခေါ်တဲ့ တနှစ်ကြာစီမံကိန်းအတွင်း စီးနင်း သိမ်းဆည်းခဲ့တာပါ။
အစိုးရက ဒီစစ်ဆင်ရေးကို ၅ နှစ်အတွင်း အကြီးဆုံး စစ်ဆင်ရေးဖြစ်စေဖို့ မျှော်လင့်ထားပါတယ်။
စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အေဂျင်စီ အီဘာမာဟာ သီတင်း ၂ ပတ်ကြာ စီးနင်းမှုအတွင်း လွှစက်တဒါဇင်နီးပါးကို ပိတ်ခဲ့တာပါ။
နှစ်ပတ်ကြာ ဝင်ရောက်စီးနင်းမှုအတွင်း စုစုပေါင်း ဒဏ်ငွေ ၁၅ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်း) ချမှတ်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးရဲ့ ရည်မှန်းချက်က နိုင်ငံရဲ့ သစ်တောပြုန်းတီးမှုနှုန်း အမြင့်ဆုံးနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေတွေ၊ ဌာနေတိုင်းရင်းသားနယ်မြေတွေမှာ တရားမဝင် သစ်ခိုးထုတ်မှုကို တားဆီးဖို့လို့ အီဘားမားက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြီးအကဲ ယိုင်းယ် ရှမစ်က ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေက တရားမ၀င်ရထားတဲ့ မူရင်းသစ်လုံးတွေရဲ့ မူရင်းဇာစ်မြစ်ကို ဖုံးကွယ်ဖို့ အစိုးရစာရွက်စာတမ်းတွေကို အလွဲသုံးစားလုပ်တယ်လို့ သံသယရှိတဲ့ ပုဂ္ဂလိကပိုင်မြေတွေက သစ်ပရောဂျက်တွေကို စစ်ဆေးနေတယ်လို့ ရှမစ်က ဆက်ပြောပါတယ်။
စီးနင်းမှုအပြီးမှာ အီဘားမားက သစ်တောကြိုးဝိုင်းတွေကနေ ယူလာတဲ့ သစ်တွေကို တရားမဝင်ခဝါချဖို့ တရားမဝင် လည်ပတ်နေတဲ့ သစ်လုပ်ငန်းတချို့ကို ရပ်ဖို့ စီစဉ်နေတယ်လို့လည်း ရှမစ်က ပြောပါတယ်။
၂၀၂၂ မဲဆွယ်ကာလအတွင်း အမေဇုန်ကို ကာကွယ်မယ်လို့ ကတိပြုခဲ့တဲ့ သမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗားရဲ့ လက်ထက် မနှစ်က ဘရာဇီး မိုးသစ်တောအတွင်း သစ်တောပြုန်းတီးမှုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်နီးပါးအတွင်း အနိမ့်ဆုံးထိ ကျဆင်းသွားပါတယ်။
ဒါပေမဲ့ အစိုးရရဲ့ သစ်တောပြုန်းတီးမှု အချက်အလက်တွေကို အပြည့်အဝ မကောက်ယူနိုင်လို့ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ မီးလောင်ကျွမ်းမှုတို့ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ သစ်တောတွေ ပျက်စီးနေတုန်းပဲလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက သတိပေးထားပါတယ်။
Source : Reuters