Home
မြန်မာသတင်း
“နေ့ရော ညရော ရိုက်၊ အရမ်း နှိပ်စက်တယ်” ကျားဖြန့်မှ ပြန်လွတ်လာသူတဦး
DVB
·
March 1, 2025
TANGYANG01032025

ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်ထဲက ကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်ကျောင်းသား၊ ကျောင်းသူအရွယ်တွေ ရောင်းစားခံရတာ ပိုများလာတယ်လို့ ကျားဖြန့်လုပ်ငန်းကနေ ပြန်လည် လွတ်မြောက်လာသူတွေဆီက သိရပါတယ်။

“အခု လိမ်ခေါ်လာတဲ့လူတွေဆိုရင် ကလေးငယ်ငယ်လေးတွေ၊ အသက် ၁၀ နှစ်ကျော်၊ ၂၀ ကျော် လေးတွေချည်းပဲ။ ကျောင်းသား၊ ကျောင်းသူတွေချည်းပဲ လိမ်ခေါ်လာတယ်။ ငွေမလိမ်နိုင်လို့ နေ့ရောညပါ ရိုက်နှက်၊ နှိပ်စက်တယ်” လို့ တန့်ယန်းမြို့နယ် ကျားဖြန့်လုပ်ငန်းကနေ ပြန်လည် လွတ်မြောက်လာသူတယောက်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ အသက်ကြီးပိုင်းတွေကို လိမ်လည်ခေါ်ယူလို့မရတော့တာကြောင့် ကျောင်းသူ၊ ကျောင်းသားတွေ အသက် ၁၀ နှစ်ကျော်၊ ၂၀ ကျော် တရုတ်နိုင်ငံသား ကလေးတွေကို‌ တလကို သိန်းဘယ်လောက်ထိ ရှာလို့ရတယ်ဆိုပြီး လိမ်ခေါ်လာတာလို့ သူက ပြောပါတယ်။

တချို့က ရိုက်နှက်နှိပ်စက်တာမခံနိုင်လို့ ကိုယ့်ဘာသာသတ်သေသွားတာ၊ အိမ်သာဆေးတဲ့ ဆေးရည်တွေသောက်ပြီး သတ်သေသွားတာ၊၊ ထွက်ပြေးတာမိသွားလို့ ပစ်သတ်လိုက်တာ၊ ကုမ္ပဏီထဲဓာတ်ပုံရိုက်လို့ အသေအလဲနှိပ်စက်ခံရတာ၊ ရိုက်နှက်နှိပ်စက်တာနဲ့ လျှပ်စစ်ဓာတ်တို့လွန်းလို့ ရူးသွားသူတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ပြန်လွတ်လာသူတယောက်က “နေ့ရောညရော ရိုက်၊ အရမ်းနှိပ်စက်တယ် သူတို့၊ သနားစရာပဲ။ လူရိုက်သတ်ပြီဆိုရင် ရွာထဲက လူတွေကို အဲဒီအလောင်း သွားပစ်ဖို့ ခွင့်တောင်းရသေးတယ်လေ။ အဲဒါကြောင့် သိကုန်တာလေ” လို့ ‌ပြောပါတယ်။

ဒါကြောင့် ကျားဖြန့်လုပ်ငန်းခေါင်းဆောင်ပိုင်းတွေကို အမြန်ဆုံးဖမ်းဆီးပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ 

“သူဌေးကြီးတွေက အပြင်မှာပဲ နေတယ်လေ။ ကုမ္ပဏီထဲမှာ မနေဘူး။ ကုမ္ပဏီထဲမှာ မနေလို့ သူတို့က လွတ်နေတာလေ”

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်က ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်သူတွေဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ရွာတွေဘက် ပြောင်းရွှေ့ခြေရာဖျောက်ပြီး လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောတယ်။

တန့်ယန်းမြို့နယ် တောင်ပေါ်ရွာတရွာက သူတို့လုပ်နေတဲ့ ကုမ္ပဏီကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဝတပ်ဖွဲ့က ဝင်ဖမ်းတာတာကြောင့် တရုတ်နိုင်ငံသား ၇၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး သူ အပါအဝင် အယောက် ၂၀ လောက်ကတော့ တောထဲမှာ ထွက်ပြေးနေရင်း ဇန်နဝါရီ ၂၉ ရက် ညနေမှာ တန့်ယန်းမြို့ကို ရောက်လာတယ်လို့ လွတ်မြောက်လာသူတယောက်က ပြောပါတယ်။

ငွေလိမ်သူဌေးက တန့်ယန်းမြို့က ဟိုတယ်တခုမှာ သူတို့ အယောက် ၂၀ လောက်ကို အပြင်မထွက်ခိုင်းပဲ ဝှက်ထားခဲ့ပေမဲ့ အဖမ်းအဆီးတွေလည်းဆက်ရှိနေသလို အခြေအနေ မကောင်းတော့တာကြောင့် သူပြန်ချင်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အဖမ်းအဆီးတွေကြောင့် ဖုန်း၊  ပိုက်ဆံ အပါအဝင် ဘာပစ္စည်းမှ မရခဲ့ကြဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတုန်းက ‘ဝ’ တပ်ဖွဲ့ တပ်စွဲ ကင်းလှည့်နေတဲ့ တန့်ယန်းနယ်မြေအနီးတဝိုက်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၇၆၂ ဦးကို ဖမ်းဆီးပြီး ပြန်ပို့ခဲ့ဖူးပါတယ်။

Photo - Wa News Land

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013