Home
နိုင်ငံတကာ
ထိုင်းက ဝီဂါတိုင်းရင်းသားများကို တရုတ်ပြည်ပြန်ပို့မှု လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ဟု ကုလ ပြော
DVB
·
February 28, 2025
Photo : REUTERS / OHCHR

ထိုင်းအစိုးရက ဝီဂါတိုင်းရင်းသား အယောက် ၄၀ ကို တရုတ်နိုင်ငံဆီ ပြန်ပို့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်တဲ့ လုပ်ရပ်ပဲလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ဖေဖော်ဝါရီ ၂၇ ရက်မှာ သတိပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကြာ ထိန်းသိမ်းခံထားရတဲ့ ဝီဂါတိုင်းရင်းသားတွေဟာ တရုတ်နိုင်ငံကို ပြန်ခဲ့ရင် ညှဉ်းပန်းနှိပ်စက်ခံရပြီး ပြန်ပြင်ဆင် အစားထိုးလို့ မရလောက်အောင် ဘေးတွေ့လိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်တွေက ပြောရင်း ဝီဂါတိုင်းရင်းသားတွေကို တရုတ်နိုင်ငံဆီ ပြန်မပို့ဖို့ တားနေတဲ့ကြားက ခုလို ပြန်ပို့လိုက်တာပါ။

ဝီဂါတွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ပြန်ပို့တာလို့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖွန်ထမ် ဝီချယာချိုင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

နိုင်ငံတကာအကာအကွယ် လိုအပ်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဥပဒေအရ သူတို့ရဲ့ အခွင့်အရေးကို လေးစားဖို့ ထိုင်းအာဏာပိုင်တွေကို ထပ်ခါတလဲလဲ တိုက်တွန်းလိုက်ပါတယ်။

သူတို့အတင်းပြန်ပို့ခံရတာ အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

တရုတ်ပြည်မကြီးအစိုးရ လက်အောက်မှာ မွတ်စလင်တိုင်းရင်းသား လူနည်းစုတွေဖြစ်တဲ့ ဝီဂါတိုင်းရင်းသားတွေဟာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက  စွပ်စွဲထားပြီး တရုတ်ပြည်မကြီးအစိုးရကတော့ ငြင်းထားပါတယ်။

ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဝီဂါတိုင်းရင်းသား ၄၈ ယောက်ဟာ တရုတ်နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အဖမ်းခံခဲ့ရသူ အယောက် ၃၀၀ အုပ်စုထဲက အစိတ်အပိုင်းပါ။

သူတို့ထဲက တချို့ကို တရုတ်နဲ့ တခြားသူတွေကို တူရကီနိုင်ငံဆီ ပြန်ပို့ခဲ့ပြီး ကျန်တဲ့လူတွေကို ထိုင်းနိုင်ငံထဲမှာ ထိန်းသိမ်းထားဆဲပါ။

ခုလိုပြန်ပို့တာဟာ မဖိနှိပ်ရေးစည်းမျဉ်းကို ချိုးဖောက်တာဖြစ်ပြီး တရုတ်အာဏာပိုင်တွေဆီ လက်ကျန် ဝီဂါတွေကို ပြန်ပို့တာ မလုပ်ဖို့  ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

“အခု တရုတ်အာဏာပိုင်တွေက သူတို့ရဲ့နေရာကို ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးတယ်။ သူတို့က နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ဆက်ဆံခံရတာ သေချာစေဖို့လည်း အရေးကြီးတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013