
ရှမ်းပြည်နယ်တောင်ပိုင်းထွက် လက်ပံပွင့်တွေကို တရုတ်ပွဲစားတွေက ကျေးရွာအထိ လာရောက်ပြီး စျေးကောင်းပေးဝယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်နှစ်တွေမှာ လက်ပံပွင့်ဝယ်ယူတာ မရှိဖူးသေးဘဲ အခုနှစ်မှာ လင်ပံပွင့်အူတိုင် အခြောက်ကို တပိဿာ ကျပ် ၆၀၀၀နဲ့ စျေးကောင်းပေးကာ ထူးထူးဆန်းဆန်းဝယ်ယူနေတယ်လို့ ရှမ်းတောင် ဒေသခံက ပြောပါတယ်။
လက်ပံပွင့်ကောက်ပြီး ဝင်ငွေရှာသူတယောက်က "တရုတ်က ပွဲစားတွေလာဝယ်ယူတယ်။ ဒီနွေရာသီမှာလည်း အလုပ်ရှားတော့ လက်ပံပွင့်ကိုပဲကောက်ပြီး အခြောက်လှန်းတယ်။ အပွင့်ပါခွာပြီး အူတိုင်ပဲယူတာဆိုတော့ နည်းနည်းခက်ခဲတယ်။ ဒါပေမဲ့ ဒီလိုဝယ်တာရှိတော့ တခဏတော့ မိသားစုစားဝတ်နေရေး တဖက်တလမ်း အပိုဝင်ငွေရှိပြီး အဆင်ပြေစေတယ်"လို့ ပြောပါတယ်။
လက်ပံပွင့်ကို ရှမ်းပြည်နယ်တောင်ပိုင်းထွက်သာ ဝယ်ယူပြီး တခြား ဒေသထွက် လက်ပံပွင့်ကိုတော့ မဝယ်ဘူးလို့ ဝယ်ယူသူ အောင်ပန်းပွဲရုံတာဝန်ခံက ပြောပါတယ်။
"ရှမ်းတောင်ထွက် လက်ပံပွင့်က ဆေးဖက်ဝင်တယ်။ တရုတ်တွေက ဆေးဖော်တဲ့နေရာမှာ သုံးတာဖြစ်တယ်။ သူတို့ဝယ်လက်အရမ်းများတယ်။ ကုန်ချိန်အကန့်အသတ်မရှိ ဝယ်ယူတယ် ကျေးရွာတွေ ဘက်လည်းလိုက်ဝယ်တယ်။ အောင်ပန်းပွဲရုံတွေမှာလည်း လာရောင်းလို့ရတယ်"လို့ ပြောပါတယ်။
လက်ပံပွင့်က ဆီးချို၊ သွေးတိုး၊ မီးယပ်သမားတွေအတွက် ဆေးကောင်းတခွက်ဖြစ်စေပြီး ရင်သားကင်ဆာ၊ လေးဖက်နာရောဂါတွေအတွက် အခေါက်နဲ့ အမြစ်ကို သွေးလိမ်းပါက ရောဂါသက်သာပြီး အမြစ်ပျောက်ကင်းနိုင်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ လက်ပံပွင့်ကို အင်းလေးဒေသနဲ့ ဆီဆိုင်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပေါင်းလောင်းမြို့နယ်နဲ့ ရာသီဥတုပူတဲ့ဒေသတွေ သဘာဝအလျှောက် အများဆုံးပွင့်ဖူးကြတယ်လို့ သိရပါတယ်။