
တောင်ကိုရီးယားနိုင်ငံမှာ လေယာဉ်တွေအပေါ် လစ်သီယမ် ဘက်ထရီတွေ သယ်ယူတဲ့ စည်းမျဉ်း အသစ်ကို မတ် ၁ ရက်က စတင် တင်းကျပ်လိုက်ပါတယ်။
ဆဲဖုန်းတွေနဲ့ e စီးကရက်တွေမှာ အသုံးပြုတဲ့ ဘက်ထရီတွေဟာ ချွတ်ယွင်းပြီး မီးခိုးထွက်တာ၊ မီးလောင်တာ၊ အပူလွန်ကဲတာ တွေဖြစ်နိုင်ကာ ကမ္ဘာအနှံ့ လေကြောင်း ခရီးစဉ်တွေကို အန္တရာယ် ဖြစ်စေနိုင်တယ်လို့ မီးမောင်းထိုး ပြတာဖြစ်ပါတယ်။
အမေရိကန်ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့နှစ်က လေယာဉ်ပေါ်မှာ ၂ ပတ်ကို ၃ ကြိမ်နှုန်းနဲ့ လစ်သီယမ်ဘက်ထရီတွေ အပူလွန်ကဲမှု ဖြစ်တယ်လို့ သိရ ပါတယ်။
ဒါဟာ ၂၀၁၈ ခုနှစ်မှာ ၁ ပတ်ကို ၁ ကြိမ်ဖြစ်ခဲ့မှုနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ လေကြောင်းက အသုံးပြုပြီးသား ဘက်ထရီတွေရဲ့ လုံခြုံရေးစိုးရိမ်မှု အတွက် မတော်တဆမှုအပေါ် အခြေခံပြီး စည်းမျဉ်းတွေ တင်းကျပ်လေ့ရှိပါတယ်။
မတ် ၁ ရက်က စပြီး တောင်ကိုရီးယား လေကြောင်းလိုင်း စီးနင်းတဲ့ ခရီးသည်တွေဟာ Power Banks နဲ့ E စီးကရက် တွေကို ခရီးဆောင်အိတ်ထဲမှာ မထားစေဘဲ ကိုယ်နဲ့မကွာ သိမ်းထားရမှာပါ။
လေယာဉ်ပေါ်မှာ အားသွင်းတာနဲ့ ၊ ဘက်ထရီပမာဏ၊ အရည်အသွေးတို့ကို ကန့်သတ်မှုတွေလည်း ပြုလုပ်မှာပါ။
ဒီလို စည်းမျဉ်းထုတ်တာက ဇန်နဝါရီလတုန်းက အဲဘူဆန်လေယာဉ် တစီး ထွက်ခွာဖို့ စောင့်ဆိုင်း နေချိန် မီးလောင်ခဲ့တာကို ပြည်သူတွေက စိုးရိမ်ခဲ့တဲ့အတွက် ထုတ်ပြန်ရတာဖြစ်ကြောင်း ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်တဲ့ အကြောင်းအရင်းကို သေချာမသိရသေးပေမဲ့ လေယာဉ်ရဲ့ ပစ္စည်းထားတဲ့အခန်းက မီးစတင်လောင်တာဖြစ်တဲ့အကြောင်း ကြာသပတေးနေ့က ပြောထားပါတယ်။
အဲ့ဒီမီးလောင်မှုမှာ ခရီးသည် ၁၇၀ နဲ့ လေယာဉ်အမှုထမ်း ၆ ဦးတို့ ဘေးလွတ်ရာကို ထွက်ပြေး ခဲ့ရပါတယ်။
မီးလောင်မှုကလည်း မိနစ် ၂၀ ကြာမြင့်ခဲံပြီး လေယာဉ်ခရီးစဉ်တွေလည်း နောက်ကျခဲ့ရပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်ဆေးဗူး အသုံးပြုမှုတွေ၊ ဘက်ထရီကို အအေးခံဖို့ ရေစိမ်တာနဲ့ အိပ်တွေ၊ သေတ္တာတွေထဲမှာ မီးလောင်စေတဲ့ ပစ္စည်းတွေကို မထားဖို့ လေယာဉ်အမှုထမ်းတွေကို လေ့ကျင့် ပေးထားပါတယ်။
Source: Reuters