
တရုတ် AI အက်ပ် DeepSeek ဟာ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကာကွယ်ခြင်းဆိုင်ရာ တောင်ကိုရီးယားရဲ့ ဒေတာကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းတချို့ကို ထည့်သွင်းစဉ်းစားဖို့ ပျက်ကွက်ခဲ့ကြောင်း ဝန်ခံပြီးနောက် တောင်ကိုရီးယားနိုင်ငံတွင်းမှာ DeepSeek ဒေါင်းလုပ်အသစ်တွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။
ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မရှင် (PIPC) ရဲ့ ဒုဥက္ကဋ္ဌ ချွဲဂျန်ဟျော့က “ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေက ထောက်ပြထားသလိုပဲ Third-party စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေကို ကိုင်တွယ်စီမံခြင်းနဲ့ ဆက်သွယ်ရေးလုပ်ဆောင်ချက်တွေ အပါအဝင် ကိုယ်ရေးကိုယ်တာ မူဝါဒတွေမှာ ချို့ယွင်းချက်တွေရှိနေတာကို ကော်မရှင်ရဲ့ အတွင်းပိုင်း ခွဲခြမ်းစိတ်ဖြာချက်က အတည်ပြုပါထားတယ်” လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ကိုယ်ရေးကိုယ်တာဥပဒေနဲ့အညီ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး တိုးတက်မှုရှိတာနဲ့ DeepSeek အက်ပ်ရဲ့ ဝန်ဆောင်မှုကို ပြန်လည်စတင်ခွင့်ပြုမှာဖြစ်ကြောင်း ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးကော်မရှင် (PIPC) က မီဒီယာရှင်းလင်းပွဲ တခုမှာ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် စနေနေ့ ညနေ ၆း၀၀ နာရီမှာ စတင်အသက်ဝင်လာခဲ့တဲ့ ဒီအစီအမံဟာ DeepSeek ရဲ့ ဝက်ဘ်ဝန်ဆောင်မှုကို နိုင်ငံအတွင်းမှာ ဆက်လက်အသုံးပြုနိုင်ပေမဲ့ အက်ပ်ရဲ့ ဒေါင်းလုပ်အသစ်တွေကို ပိတ်ဆို့ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အသစ်စက်စက် တရုတ်ကုမ္ပဏီဟာ ပြီးခဲ့တဲ့သီတင်းပတ်က တောင်ကိုရီးယားမှာ သူ့ရဲ့ တရားဝင် ကိုယ်စားလှယ်တွေကို ခန့်အပ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဒေတာကာကွယ်ရေးဥပဒေပါ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို တစိတ်တပိုင်း လျစ်လျူရှုထားခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ PIPC က ပြောကြားခဲ့ပါတယ်။
Source : Reuters