
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝါ့ထယ် စီရင်စုရှိ အိုဖှူနာတို ကမ်းရိုးတန်းမြို့အနီးမှာ ဖေဖော်ဝါရီ ၂၇ ရက်က တောမီး ဆက်လက်ပျံ့နှံ့ခဲ့လောင်ကျွမ်းပြီး လူတယောက် သေဆုံးနေတာကို တွေ့ရှိကာ လူပေါင်း ၃,၃၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။
နေအိမ်တွေနဲ့ တခြားအဆောက်အအုံ ၈၄ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ဒေသခံအရာရှိတွေကို ကိုးကားပြီး NHK သတင်းဌာနက ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေဟာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကြာသပတေးနေ့ ဂရင်းနစ် စံတော်ချိန် ၀၉၀၀ နာရီအထိ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က မီးငြှိမ်းသတ်ဖို့ ရဟတ်ယာဉ် ၇ စင်းကို ဖြန့်ကျက်ချထားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဂျပန်နိုင်ငံ မြောက်ပိုင်း အီဝါထယ် စီရင်စုရှိ မီးလောင်နေတဲ့ သစ်တောတွေပေါ်ကို ရေဖျန်းနေတဲ့ ရဟတ်ယာဉ်တစင်းကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို ဂျပန်အရေးပေါ်ဝန်ဆောင်မှုဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မီးသတ်သမားတွေဟာ ဒဏ်ရာရရှိထားသူတွေကို ရှာဖွေနေပြီး ထိခိုက်ပျက်စီးသွားတဲ့ ဧရိယာဟာ ဆက်လက် ကျယ်ပြန့်သွားနိုင်ကြောင်းလည်း သတိပေးထားပါတယ်။
Source : Reuters