Home
မြန်မာသတင်း
ဦးမဲခေါင်(ခ)  ဦးမြင့်ဇော်ဦးကို ကန့်ဘလူဘက်ပြန်လွှဲပေးရန်  ပကဖအဖွဲ့များ တောင်းဆို
DVB
·
February 28, 2025

Non CDM အမျိုးသမီးငယ်တယောက်အပေါ် အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကန့်ဘလူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင်(ခ) ဦးမြင့်ဇော်ဦးကို ပြန်လွှဲပြောင်းပေးဖို့ ကန့်ဘလူကာကွယ်ရေးအဖွဲ့တွေက တောင်းဆိုလိုက် ပါတယ်။

ဦးမြင့်ဇော်ဦးကို ဖေဖော်ဝါရီ တတိယအပတ်မှာ ကန့်ဘလူမြို့နယ်ထဲကနေ တန့်ဆည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားနေတုန်း တန့်ဆည်ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပြီး ရုံးတင်စစ်ဆေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဦးမြင့်ဇော်ဦးကို ကန့်ဘလူမြို့နယ်ဘက်ကို ပြန်လွှဲပြောင်းပေးဖို့ ကာကွယ်ရေး အဖွဲ့တွေက ဆက်တိုက်တောင်းဆိုနေပြီး မြေပြင်မှာ အငြင်းပွားမှုတွေဖြစ်ပေါ်နေပါတယ်။

ကန့်ဘလူမြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဖြစ်အောင်ကို ကျနော်တို့က လွှဲယူမယ်။ ဦးမြင့်ဇော်ဦးဘက်ကတော့ အပေါ်က ဝန်ကြီးပိုင်းတွေတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို သူဖားနေပုံပေါက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်ခြမ်းကို သူဘယ်လိုမှ လွှဲပြောင်း မလိုက်ချင်ဘူးဆိုတာ သူ့စိတ်ထဲမှာရှိလောက်တယ်။ သူ့ဘက်က ဒီဘက်က လုံခြုံရေးအရ သူ့အပေါ်မှာ စိတ်မချရဘူးဆိုတဲ့အမြင် သူ့မှာရှိလောက်တယ်။ လုံခြုံရေးအရ စိတ်မချရဘူးဆိုတဲ့ သူ့ရဲ့အမြင်မှာက ကျနော်တို့ကိုယ်တိုင်မှာက အလံဖြူထောင်တဲ့စစ်ကောင်စီတောင်မှ ကျနော်တို့မှာ ရိုက်နှက်ခွင့်မရှိဘဲ။ ထိန်းသိမ်းရတာတွေအများကြီးပဲ ကျနော်တို့မှာ။  သူချုပ်ခဲ့ဖူးတဲ့ သူတွေအပေါ်မှာ သူဘာလုပ်ခဲ့သလဲဆိုတာ သူပြန်တွေးပြီးတော့ပဲ ကြောက်တာပါ”လို့ ပြောပါတယ်။

ဦးမြင့်ဇော်ဦးကျူးလွန်ခဲ့တဲ့အမှုဟာ တော်လှန်ရေးနဲ့ ကန့်ဘလူမြို့နယ်ထဲက ကာကွယ်ရေးအဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို ကြီးမားတဲ့သက်ရောက်မှုဖြစ်စေခဲ့တဲ့အတွက် ကာကွယ်ရေးအဖွဲ့တွေက ကန့်ဘလူမြို့နယ်ထဲမှာပဲ ရုံးတင်စစ်ဆေးပြီး အရေးယူနိုင်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ကန့်ဘလူဒေသခံတယောက်က “ကိုမြင့်ဇော်ဦးကို မနေ့က ကန့်ဘလူအဖွဲ့တွေတော့ လာပြီးတော့ လွှဲယူတယ်။ ထည့်လိုက်လားမထည့်လိုက်လားဆိုတာတော့ ဖုန်းမကိုင်ဘူးဖြစ်နေလို့၊ မနေ့က ကျနော်လှမ်းမေးတော့ ပထမတော့ ချိုချိုသာသာတောင်းတယ်။ မလွှဲပေးဘူးဆိုတော့ တပ်ရင်းတွေပေါင်းပြီးတော့ မဖြစ်ဖြစ်အောင် လွှဲခိုင်းမယ်လို့ပြောနေတာလေ။ ပလဖနဲ့ တပ်ရင်းတွေက၊ အဓိကတော့ တပ်ရင်းတွေက လုပ်မယ်ထင်ပါတယ်။ ဒီကောင်လုပ်တာလည်း မှန်နေတာ ဆိုတော့လေ။ ၂၀၂၃ ကတည်းကဖြစ်နေတဲ့အမှုကို ဒီလောက်ကြီး ပစားပေးထားပြီးတော့ ဒီလိုချည်းလျှောက်သွားလို့ရအောင် လုပ်ထားမှတော့လေ။ ပြည်သူသာဖြစ်ကြည့်ပါလားလို့ အမှုတွဲကို တခါတည်း ရက်တိုတိုနဲ့ပြီးပြတ်အောင်လုပ်ထားမယ်။ အခုဟာက ၂ နှစ်တောင်ကျော်နေပြီ”လို့ ပြောပါတယ်။

ဦးမြင့်ဇော်ဦးကို ကန့်ဘလူမြို့နယ်ဘက် ပြန်လွှဲပြောင်းပေးဖို့တောင်းဆိုတာတွေရှိနေပေမဲ့ NUG ပြည်ထဲရေးဝန်ကြီးဌာနဘက်က ညွှန်ကြားချက်တစုံတရာမရှိသေးတာကြောင့် ဆက်လက်ထိန်းသိမ်းထားပြီး တန့်ဆည်တရားရုံးမှာ အမှုစစ်ဆေးဖို့ စီစဉ်နေတယ်လို့ တန့်ဆည်ပလဖ တာဝန်ရှိသူက ပြောပါတယ်။

ကန့်ဘလူမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဇော်ဦးဟာ ကန့်ဘလူခရိုင်နဲ့ မြို့နယ် ပအဖ အဖွဲ့  ခေါင်းဆောင်နေရာ ၂ ခုကို  ပူးတွဲတာဝန်ယူခဲ့သူဖြစ်ပါတယ်။

တန့်ဆည်ပလဖခေါင်းဆောင် ကိုမောင်အိုက “ကျနော်တို့ဆီမှာပဲ ထိန်းသိမ်းထားပါတယ်ဗျ၊ ကန့်ဘလူဘက်ကို လွှဲပြောင်းမလုပ်ရသေးပါဘူးဗျ၊ ဝန်ကြီးဌာနကလည်း ဘာညွှန်ကြားချက်မှ မပေးသေးလို့ လက်ရှိမှာ ထိန်းသိမ်းထားတုန်းပဲရှိသေးတယ်။ ကန့်ဘလူဘက်က အသက် အန္တရာယ်ခြိမ်းခြောက်ပြီး သားမယားအတင်းအဓမ္မပြုကျင့်တယ်ဆိုပြီး အမှုဖွင့်ထားတယ်ဆိုတော့ ကျနော်တို့က တရားခံတယောက်အနေနဲ့ ထိန်းသိမ်းထားတယ်ဗျ။ တန့်ဆည်တရားရုံးမှာပဲ ရမန်ယူဖို့ ပြင်ဆင်နေတာပေါ့နော်။ လက်ရှိမှာ ကျနော်တို့က တရားခံလွတ်မသွားဖို့ပါပဲ ကျနော်တို့ဆီမှာပဲ ထိန်းသိမ်းထားပါတယ်။ ဝန်ကြီးဌာနကနေပြီး ဘယ်မြို့နယ်ကိုလွှဲပါ ဘယ်သူ့ကိုလွှဲပါဆိုရင် ကျနော်တို့က လွှဲပေးမှာပါ”လို့ ပြောပါတယ်။

ဦးမြင့်ဇော်ဦးဟာ Non CDM အမျိုးသမီးငယ်တယောက်ကို ဖမ်းဆီးချုပ်နှောင်ထားတုန်းမှာ အဓမ္မပြုကျင့်မှုနဲ့ NUG ပြည်ထဲရေးဝန်ကြီးဌာနမှာ ၂၀၂၃ ခုနှစ်ကတည်းက အတိုင်ခံထားရသူဖြစ်ပါတယ်။

အဲ့ဒီအမှုတွဲဟောင်းကို ထိရောက်တဲ့အရေးယူမှုမရှိခဲ့တာကြောင့် ၂၀၂၅ ဇန်နဝါရီမှာ နစ်နာသူ အမျိုးသမီးက ကန့်ဘလူမြို့နယ် ပလဖအဖွဲ့ဆီမှာ ထပ်မံတိုင်ကြားခဲ့ပြီး မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေကြောင့် ဦးမြင့်ဇော်ဦးဟာ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ တန့်ဆည်မြို့နယ်မှာ  ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024