Home
မြန်မာသတင်း
ကန့်ဘလူတွင် ကျေးရွာပကဖ ဒုတာဝန်ခံ အပါအဝင် ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်
DVB
·
February 26, 2025
Photo ; ကန့်ဘလူနယ်ခံတော်လှန်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက ကျေးရွာ ပကဖ ဒုတာဝန်ခံတယောက် အပါအဝင် ၄ ယောက်ကို စစ်ကောင်စီလက်အောက်ခံတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ငှက်ပျောတိုင်းရွာပကဖရဲ့ ဒုတာဝန်ခံနဲ့ အမျိုးသား ၅ ဦး ငှက်ပျောတိုင်း-ကျေးပင်အက် လမ်းပိုင်းပေါ်မှာ ကင်းလှည့်တာဝန် ဆောင်ရွက်နေချိန် ငှက်ပျောတိုင်းရွာမှာ တပ်စွဲနေတဲ့ စစ်‌ေ–းတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရတယ်။ ၂ ယောက် ပြန်လွတ်လာပြီးတော့ ငှက်ပျောတိုင်းရွာရဲ့ ပကဖ ဒုတာဝန်ခံ အပါအဝင် ၄ ယောက် အသတ်ခံလိုက်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူတွေဟာ အသက် ၂၇ နှစ်အရွယ် ငှက်ပျောတိုင်းကျေးရွာ ပကဖ ဒုတာဝန်ခံ ကိုရဲထွန်းနဲ့ အသက် ၁၆ နှစ်အရွယ်၊ အသက် ၄၀ အရွယ်နဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသား ၃ ယောက် ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံဖြစ်သူက “ကိုရဲထွန်းတို့အဖွဲ့က လူစိမ်းတွေ့တယ်ဆိုပြီး ဆိုင်ကယ်တွေနဲ့လိုက်ရင်း ငှက်ပျောတိုင်း-ကျေးပင်အက် လမ်းပိုင်းပေါ်မှာ စစ်တပ်ဘက်က ကင်းပုန်းတွေက ရှေ့နောက် ညှပ်ပြီးဖမ်းတာ ခံလိုက်ရတာ။ အဲဒီ ငှက်ပျောတိုင်းရွာ ဒုတာဝန်ခံနဲ့အတူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသား ၃ ဦးကတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ကြဘူး။ အဲဒီရွာတွေမှာ အခြေစိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေပါ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ၂၀၀ နီးပါးနဲ့ အဆိုပါ ငှက်ပျောတိုင်းကျေးရွာမှာ တပ်စွဲနေတာ နှစ်ချီနေပြီဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ ငှက်ပျောတိုင်းရွာ ပကဖ ဒုတာဝန်ခံ အပါအဝင် ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ ဒေသခံတွေက အဲဒီနေ့ ညနေပိုင်းမှာပဲ နေ့ချင်းပြီး သင်္ဂြိုဟ်ပေးလိုက်ကြတယ်လို့လည်း ဆိုပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ငှက်ပျောတိုင်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း PDF အလောင်းတလောင်းနဲ့ စကားပြောစက်တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၁ ရက်မှာလည်း အဆိုပါ ငှက်ပျောတိုင်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့လို့ အခုလို ဖမ်းဆီးသတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့လည်း ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013