Home
မြန်မာသတင်း
ထိုင်းရဲချုပ် အမိန့်ထုတ်ပြီးနောက် တပတ်အတွင်း ထိုင်းတွင် မြန်မာ ၅၀၀၀ ခန့် ဖမ်းဆီးခံရ
DVB
·
February 28, 2025

ထိုင်းနိုင်ငံတွင်း ဥပဒေနဲ့မညီညွတ်တဲ့ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ ဖမ်းဆီးရာမှာ တပတ်အတွင်း  မြန်မာနိုင်ငံသား အယောက် ၅၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံတကာရာဇဝတ်မှု၊ ထိုင်းဥပဒေနဲ့ မညီတဲ့ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်း လုပ်သားတွေကို စစ်ဆေးနှိမ်နင်းဖို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးက ဖေဖော်ဝါရီ ၁၇ ရက်မှာ ညွှန်ကြားခဲ့ပြီးနောက် တပတ်အတွင်း နိုင်ငံခြားသား ၉၅၀၀ ကျော် ဖမ်းဆီး ရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၄ ရက်ထိ တပတ်အတွင်း ဥပဒေနဲ့မညီညွတ်သူ ၉၅၃၂ ယောက် ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲမှာ မြန်မာ အယောက် ၅၀၀၀ နီးပါးအထိ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ထိုင်းနိုင်ငံသား ၅၆၄ ယောက်၊ မြန်မာ ၄၈၇၉ ယောက်၊ လာအို  ၁၆၉၉ ယောက်၊ ကမ္ဘောဒီးယား ၁၃၇၆ ယောက်၊ ဗီယက်နမ် ၁၀၃ ယောက်နဲ့ အခြားနိုင်ငံသား ၉၁၁ ယောက်တို့ ပါဝင်ပါတယ်။

Labour Rights Foundation ပြောခွင့်ရသူ ဦးအောင်ကျော်က “ဒီအခြေအနေမှာ ကျနော်တို့ နိုင်ငံခြားသားလုပ်သားတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လုပ်သားတွေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့နေရတယ်။ ဟိုးအရင်ကတည်းကပဲ လုပ်ငန်းခွင်တွေကို ရှောင်တခွင် ဝင်ရောက် စစ်ဆေးတာတွေက အစဉ်အမြဲ ရှိခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာ ပိုမို ဆိုးရွားလာတာကတော့ ထိုင်းနိုင်ငံမှာ Conservative ခေါ်တဲ့ ရှေးရိုးစွဲ ပုဂ္ဂိုလ်တွေက အမျိုးသားရေးလှုပ်ရှားမှုအနေနဲ့ နိုင်ငံခြားသားလုပ်သားတွေကို ပိုက်စိပ်တိုက် အပြစ်ရှာ၊ ပိုပြီးမှ လိုက်လံ စုံစမ်းဖော်ထုတ်တာတွေ လုပ်နေတဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့က ဥပဒေနဲ့အညီ နေထိုင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်မှုရအောင် အပြည့်အဝခံယူကြပါလို့ ကျနော် တိုက်တွန်းတာ”လို့ ပြောပါတယ်။

တပတ်အတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ ဝရမ်းပြေး ၂၀၇ ယောက်၊ တရားမဝင် ဝင်ရောက် နေထိုင်သူ ၆၂၃၉ ယောက်၊ ဗီဇာသက်တမ်းကျော် နေသူ ၈၇၅ ယောက်၊ လိုင်စင်အသိမ်းခံရသူ ၁၂၀၊ ခွင့်ပြုချက်မရတဲ့လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်သူ ၄၆၃ ယောက်နဲ့ အခြားပြစ်မှု ၁၆၂၈ ယောက်တို့ပါဝင်တယ်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့အလုပ် ၂၇ မျိုး ရှိပြီး၊ အဲဒီထဲမှာ ပွဲစားအလုပ်၊ ဆံပင်ညှပ် အလှပြင်၊ ထိုင်းရိုးရာအနှိပ်၊ ဧည့်လမ်းညွှန်၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်ရတနာ၊ ဈေးဆိုင်ဖွင့်လှစ်တာ၊ ဥပဒေရေးရာ ဝန်ဆောင်မှုနဲ့ ပန်းချီ၊ ပန်းပု စတဲ့ အနုပညာ အလုပ်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ကန့်သတ်အလုပ်တွေမှာ လုပ်ကိုင်နေတာ တွေ့ရင် ဒဏ်ကြေး အမြင့်ဆုံး ဘတ် ၅၀၀၀၀ အပြင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ၂ နှစ် ပိတ်သိမ်း အရေးယူမယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ မိခင် ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိပြီးတော့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ လုပ်ခွင့်မရှိလို့ ကန့်သတ်ထားတဲ့ အလုပ်တွေထဲမှာ ကားခေါက်တို ခေါက်ရှည်ဆွဲတာ၊ ပွဲစားလုပ်တာ၊ တရားဥပဒေ အကျိုးဆောင်လုပ်တာ၊ အလှပြင်ဆိုင်ဖွင့်တာ၊ ရတနာ ပစ္စည်းတွေ ကျောက်သွေးတာ၊ ဈေးဆိုင်ဖွင့် တည်ခင်းရောင်းချတာ ပိုင်ရှင်အဖြစ်၊ နောက်ဆုံး ကုန်ကုန်ပြောရင် လိင်မှုဖျော်ဖြေးရေးကအစ လုပ်ခွင့် မရှိဘူး။ လိင်မှုဖျော်ဖြေရေးကို နိုင်ငံခြားသား လုပ်ခွင့် မရှိဘူး။ လုပ်မိကိုင်မိရင်လည်း ပြင်ဆင်လိုက်ပါ။ မလုပ်ရ မကိုင်ရသေးရင်လည်း ဆင်ခြင်လိုက်ပါ။ စည်းကမ်းတကျနဲ့ ကိုယ့်အချင်းချင်း အပြန်အလှန် ဆက်သွယ်ရေး နည်းလမ်းပေါင်းစုံနဲ့ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်း နေထိုင်မယ်ဆိုရင် ဒီအကျပ်အတည်းကြားကနေ ကျော်လွန်မြောက်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ထိုင်းအမျိုးသားရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကို ဒီနေရာတင်ရပ်နေမှာမဟုတ်ဘဲ ရာဇဝတ်မှုနဲ့ ဥပဒေချိုးဖောက်မှု ပပျောက်ရေး၊ ထိုင်းပြည်သူတို့ရဲ့ အေးချမ်းစွာနေထိုင်နိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့အတွက် ဒီလိုစီမံချက်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံတဝန်း လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၂ ဒသမ ၃ သန်း နီးပါး ရှိပါတယ်။ အဲဒီထဲမှာ မြန်မာ MoU လုပ်သား ၂၆၀၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013