Home
ရုပ်သံ
မဲဆောက်အနီး ကျေးရွာများ၌  မြန်မာများ ညမထွက်ရန်အပါအဝင် စည်းကမ်းချက်များထုတ်
DVB
·
February 27, 2025

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အနီးက ကျေးရွာတွေမှာ  မြန်မာနိုင်ငံသားတွေ  ည ၉ နာရီကျော် ရင် အပြင်မထွက်ဖို့တားမြစ်ချက်အပါအဝင် စည်းကမ်းချက် ၁၃ ချက်ပါ အသိပေးကြေညာ စာတွေကို ထိုင်းကျေးရွာသူကြီးတွေက လိုက်ကပ်နေတယ်လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။

အဲ့ဒီစည်းကမ်းချက် ၁၃  ချက်ထဲမှာ ကျေးရွာထဲမှာ ရန်မဖြစ်ဖို့၊ ပတ်၀န်းကျင်ကို အနှောင့်အယှက်ဖြစ်နိုင်မယ့် ဆူညံသံမျိုးမလုပ်ဖို့နဲ့  အိမ်မွေးတိရစ္ဆာန် မမွေးဖို့ဆိုတဲ့ အချက်တွေအပြင် ည ၉ နာရီကျော်ရင် မြန်မာတွေကို နေအိမ်မှ ထွက်ခွာခွင့်တားမြစ်တယ်ဆိုတဲ့ အချက်တွေ ပါရှိပါတယ်။

မဲဆောက်အနီး ရွာတရွာမှာနေထိုင်တဲ့ မြန်မာတယောက်က “အမှိုက်တွေ မပစ်ဖို့ပေါ့နော်၊ နောက် ကွမ်းတံတွေးတွေ မထွေးဖို့။ စည်းကမ်းချက် ၅ အရဆိုရင် လောင်းကစားမလုပ်ဖို့၊ ဖမ်းမိလို့ရှိရင် ရွာကနေ နှင်ထုတ်မယ်ပေါ့နော်။ ပြီးရင်နောက် မခိုးဖို့ပေါ့ ပစ္စည်းတွေဘာတွေ မခိုးဖို့။ ည ၉ နာရီနောက်ပိုင်းမှာ မြန်မာလူမျိုးတွေ နေအိမ်မှ ထွက်ခွာခွင့်တားမြစ်သည်ဆိုတဲ့ဟာ မျိုးတွေပါတယ်ပေါ့နော်။ ဒီဟာတွေကို ဖောက်ဖျက်မယ်ဆိုလို့ရှိရင် ဒဏ်ငွေ ဘတ်  ၂၀၀၀ ပေါ့နော် ၂၀၀၀ ကနေ ၅၀၀၀ ပေါ့။ ပြီးလို့ရှိရင် ဖမ်းဆီးပြီး တရားစွဲမယ်လို့ လာကပ်တာတွေရှိတယ်”လို့ ပြောပါတယ်။

ကျားဖြန့် နှိမ်နှင်းရေးစီမံချက်အပြင် ထိုင်းရဲချုပ်ရဲ့ တရားမ၀င်နိုင်ငံခြားသားရွေ့ပြောင်း အလုပ်သမားတွေကို ရှာဖွေဖမ်းဆီးရေးအမိန့် ထွက်လာပြီးနောက် အခုလိုမဲဆောက်မြို့နားက မြန်မာရွေ့ပြောင်းအလုပ်သမားမိသားစုတွေအများစုနေထိုင်တဲ့ကျေးရွာတွေမှာ စည်းကမ်းချက်တွေနဲ့ တားမြစ်လာတာပါ။

ကျေးရွာတွေထဲမှာစည်းကမ်းချက်တွေ လိုက်ကပ်နေသလို မဲဆောက်မြို့ပေါ်မှာလည်း‌ နေ့တိုင်းလိုလို မြန်မာတွေ အဖမ်းခံရတာက ပုံမှန်ဖြစ်နေကျဆိုပေမဲ့  အခုအဖမ်းအဆီးက ပိုသတိထားနေရတယ်လို့ မဲဆောက်မြို့နေ မြန်မာတယောက်က  DVB ကိုပြောပါတယ်။

“မြန်မာဆိုင်တွေ စားသောက်ဆိုင်တွေ အကုန်ပိတ်ထားရတယ်။ အွန်လိုင်းကနေပဲ အရောင်းအ၀ယ် လုပ်တဲ့ အစားအသောက်ရောင်းတဲ့လုပ်ငန်းလေးတွေတောင်မှပဲ နားထားရတယ်ပေါ့နော်။ ဒီကာလအတွင်းမှာဆိုလို့ရှိရင် ကျမတို့ အပြင်ထွက်ပြီဆိုလို့ရှိရင် ထိုင်းရဲဖမ်းခံထိလို့ ရဲစခန်း ခေါ်သွားခံရတဲ့ မြန်မာပြည်သားတွေကလေ ခဏခဏမြင်နေကျ မြင်ကွင်းမျိုးလို တောင်ဖြစ်နေပြီ။”

ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ဒီတပတ်အတွင်းဥပဒေနဲ့ မညီညွတ်သူ အယောက် ၉၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဲ့ထဲမှာမြန်မာလူမျိုး ၄၈၇၉ ယောက် ပါတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် အာချ်ယွန်း ကလိုင်းထောင်းန်က  ဖေဖော်ဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။ 

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024