Home
မြန်မာသတင်း
ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ မီးခိုးမြူနှင့် လေထုညစ်ညမ်းမှုကိစ္စ အရေးပေါ် Hotline ဖွင့်
DVB
·
February 26, 2025

အရှေ့တောင်အာရှ ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ မြန်မာနဲ့ လာအိုနိုင်ငံ‌တွေက နယ်စပ်ဖြတ်ကျော် မီးခိုးမြူထူနဲ့ လေထုညစ်ညမ်းမှု ပြဿနာတွေ ဖြေရှင်းနိုင်ရေးအတွက် အရေးပေါ် Hotline တခု ထူထောင်ဖို့ သဘောတူညီခဲ့ကြတဲ့အကြောင်း Bangkok Post သတင်းစာမှာ ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြပါတယ်။

ဒါဟာ သိပ်မကြာခင်က ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန (PDS) က ကျင်းပတဲ့ တယ်လီကွန်ဖရင့်အစည်းအဝေးမှာ မြန်မာနဲ့ လာအိုနိုင်ငံတွေကပါ သဘောတူညီချက် ရရှိခဲ့တဲ့အကြောင်း ညွှန်ကြားရေးမှူးချုပ် ပရီယာဖွန် ဆူဝမ်နေ့ဂျ်က ပြောပါတယ်။

အဆိုပါ Hotline အသစ်က ဌာနဆိုင်ရာအကြီးအကဲ ၃ ယောက် အနီးကပ် ဆက်သွယ်နိုင်တော့မှာဖြစ်သလို အရေးပေါ် မြူခိုးတက်တဲ့ အခြေအနေတွေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေ ဆွေးနွေးနိုင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ကြည်လင်သော ကောင်းကင် မဟာဗျူဟာ - “Clear Sky Strategy 2024- 2030” စီမံချက်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံ ၃ နိုင်ငံက တိုးတက်မှုကို ပြန်လည်သုံးသပ်ခဲ့သလို မြန်မာနဲ့ လာအိုနိုင်ငံတွေက ပါဝင်သူတွေက သစ်တောဧရိယာတွေမှာ တရားမဝင် မီးရှို့တာတွေ တားဆီးနှိမ်နင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြပြီး မီးခိုးမြူထူ လျှော့ချရေးမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်းနဲ့ ပြည်သူတွေကို အသိပညာပေးတာတွေ ဆက်လက်ပြုလုပ်နေကြောင်းလည်း ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် မီးခိုးမြူထူနဲ့ လေထုညစ်ညမ်းမှု ပြဿနာတွေ ဖြေရှင်းနိုင်ရေးအတွက် “Clear Sky Strategy 2024-2030” အမည်နဲ့ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းက ဘန်ကောက်မြို့မှာကျင်းပတာပါ။

ဒီအခမ်းအနားကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်ဆငဲမ်ဖုန်းနဲ့ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ချလန်ချိုင်ဆီရိအုန်တို့နဲ့အတူ စစ်ကောင်စီခန့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ခဲ့သလို လာအိုနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၀၂ ခုနှစ် ဇွန်လကတည်းက နယ်နိမိတ် ဖြတ်ကျော် မီးခိုးမြူညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလမှာတော့ ထိုင်းနိုင်ငံက သုံးနိုင်ငံအတွင်း ပြင်းထန်တဲ့ မီးခိုးမြူထူ ဖုံးလွှမ်းမှုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လာအို၊ မြန်မာတို့နဲ့ ၃ နိုင်ငံ အွန်လိုင်းအစည်းအဝေးတခု ပြုလုပ်ခဲ့ကာ လုပ်ငန်းစီမံချက်နဲ့ရေရှည်တည်တံ့ခိုင်မြဲသော ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ချက်အဖြစ် ဆောင်ရွက်မယ့် ဒီဗျူဟာကို ရေးဆွဲဖို့ သဘောတူညီခဲ့ကြပါတယ်။

ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ အဖွဲ့ဟာ လာမယ့် တလ၊ ဒါမှမဟုတ် နှစ်လအတွင်း ထပ်မံ တွေ့ဆုံဖို့ သဘောတူခဲ့ကြောင်းလည်း မစ္စ ပရီယာဖွန်က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ လေထုညစ်ညမ်းမှုဟာ အခုသီတင်းပတ်နှောင်းပိုင်းလောက်မှာ အခြေခံ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် နာတာရှည်ကျန်းမာရေးပြဿနာ ရှိသူတွေအထိ အန္တရာယ်မကင်းဘူးလို့ ယူဆရတဲ့ အဆင့်အထိ မြင့်တက်လာနိုင်တယ်လို့ ထိုင်းကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီထိဆဝမ်သမ်က ပြောပါတယ်။

ဒါကြောင့်မို့ ကျန်းမာရေးအန္တရာယ်ရှိ အုပ်စုက ပြည်သူတွေအနေနဲ့ လေထုအရည်အသွေး ပြောင်းလဲမှုတွေကို ဆက်လက်စောင့်ကြည့်ဖို့နဲ့ သက်ဆိုင်ရာ သူတို့နေထိုင်ရာနေရာတွေမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာပါက အပြင်သွားတဲ့အခါ နှာခေါင်းစည်း Mask တွေ ဝတ်ဆင်ကြဖို့ အကြံပြုထားပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဆိုင်ရာ လက်ထောက်အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဝီရာဝပ် အင်မ်ဆမ်မရန်ကတော့ ခရိုင်ပေါင်း ၇၀ မှာ လူပေါင်း ၁ ဒသမ ၉ သန်းအထိ ခိုလှုံနိုင်တဲ့ စွမ်းရည်ရှိတဲ့ “လေသန့်စင်” အခန်းပေါင်း ၁၆,၂၄၆ ခန်းကို ထူထောင်ထားပြီးဖြစ်သလို N95 နှာခေါင်းစည်း Mask အရေအတွက် ၂ ဒသမ ၆ သန်းကို လေထုညစ်ညမ်းမှု အကျပ်အတည်းကာလမှာ ဖြန့်ဝေသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

Source:  Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013