Home
မြန်မာသတင်း
ရနောင်းတွင် အွန်လိုင်းမှ ပစ္စည်းရောင်းသည့် မြန်မာ ၂ ဦး ဖမ်းဆီးခံရ 
DVB
·
February 27, 2025
Photo ; Ranong FM News

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ အွန်လိုင်းပေါ်  ပစ္စည်းရောင်းချနေတဲ့ မြန်မာစုံတွဲ ၂ ယောက်ကို ဘတ်ငွေ ၁၂ သိန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့  ရနောင်းFM  ရေဒီယိုသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါမြန်မာစုံတွဲဟာ နာမည်ကြီးအမှတ်တံဆိပ်ပါ အလှကုန်အမျိုးမျိုးကို အွန်လိုင်းပေါ်မှာ ကြော်ငြာပြီးတော့ရော၊ အပလီကေးရှင်းထဲကနေပါ ရောင်းချနေတယ်လို့ စုံစမ်းသိရှိရတာကြောင့် ရနောင်းခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်မှာ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရနောင်းမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ထနဝပ်တပ်ထနကွန်းက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါနေအိမ်မှာ   ရနောင်းမြို့ပေါ်  Town House ၃ ထပ်တိုက်မှာ တည်ရှိပြီး သွားရောက် စစ်ဆေးစဉ် တိုက်ခန်းရှေ့မှာလည်း တန်ဖိုးကြီး အိမ်စီးကားတစီး ရပ်ထားတယ်၊ အိမ်ထဲဝင်တော့ မြေညီထပ်နဲ့ ဒုတိယထပ်မှာ မိတ်ကပ်၊ အလှဆီ၊ ဆံပင်ဆိုးဆေးအစရှိ နိုင်ငံခြားတံဆိပ် အမျိုးမျိုးပါ အလှကုန်ပစ္စည်းများစွာ သိုလှောင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါပစ္စည်းတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ တံဆိပ်တွေလည်းမပါရှိ၊ နိုင်ငံခြားကပစ္စည်းတင်သွင်းတဲ့ အခွန်ပြေစာတွေလည်းမရှိတာကြောင့် ဥပဒေအရ သိမ်းဆည်း လိုက်တယ်၊ ပိုင်ရှင်ဖြစ်တဲ့ အသက် ၂၄ နှစ်နဲ့ ၂၁ နှစ်ရွယ်ရှိ မြန်မာစုံတွဲကိုပါ ဖမ်းဆီးလိုက်တယ်၊  အဆိုပါမြန်မာစုံတွဲမှာ နိုင်ငံကူးလက်မှတ်သာရှိတယ်၊ ဒါကြောင့် သူတို့ ၂ ယောက်ကို ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှု၊ ဥပဒေက ကန့်သတ်ထားတဲ့ လုပ်ငန်းအမျိုးအစားလုပ်ကိုင်မှု၊ အကောက်ခွန်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘတ်တသန်းကျော်ရှိ ထိုင်းငွေစုဘဏ်စာအုပ် ၂ အုပ် ၊ ဘတ် ၁၂ သိန်းကျော်တန်ဖိုးရှိတဲ့  အရေအတွက်ပေါင်း ၅၀၀၀ ကျော် အမျိုးအစား ၁၀၀ ကျော်ရှိ ကုန်ပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့တယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။ 

Source:  Ranong FM News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024