
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့၊ ထုံထောင်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၁ နာရီလောက်က မပေါက်ကွဲသေးတဲ့ ဗုံးသီးတလုံးကို ရပ်ကွက်နေပြည်သူတွေ တွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
ထုံထောင်းရပ်ကွက် အမှိုက်ပုံအနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတလုံးကို တွေ့ရှိခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးသီးဟာ လက်နက်ကြီးထဲ ထည့်ပစ်ရတဲ့ ဗုံးသီးဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့က ဗုံးသီးတွေ့ရှိခဲ့တဲ့နေရာကို လုံခြုံရေးယူပေးပြီး ပြည်သူတွေ ဖြတ်သန်းသွားလာတာကို ခေတ္တ ပိတ်ထားခဲ့ပါတယ်။
မျက်မြင်တွေရှိခဲ့တဲ့ မြန်မာနိုင်ငံသားတဦးက "ဗုံးသီးကို ဒီကနေ့ မနက် ၁၁ နာရီကျော်မှာ တွေ့ရှိတာ ဗုံးတွေ့ တွေ့ခြင်း မဲဆောက်မြို့မှာနေထိုင်တဲ့ မဲဆောက်မြို့ အလွတ်တန်းသတင်းထောက်တဦးကို အကူအညီတောင်းပြီး ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာ” လို့ DVBကို ပြောပါတယ်။
မဲဆောက်မြို့မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတဲ့အချိန် အခုလို ဗုံးတွေရှိခဲ့တာကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ စိုးရိမ်ရပြီး အသွားအလာ ဆင်ခြင်ကြဖို့ ပြောချင်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်က စတင်ပြီး မဲဆောက်မြို့မှာ အထောက်ထားမဲ့နိုင်ငံခြားသားတွေကို စစ်ဆေးဖမ်းဆီးနေပြီး ဖေဖော်ဝါရီ ၁ လအတွင်း လူအယောက် ၅၀ ကျော်အထိ ဖမ်းဆီးခံထားရတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။