Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်၌ စစ်တပ်ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ၁၂ ဦး သေဆုံး၊ PDF ရဲဘော် ၁ ဦးကျဆုံး
DVB
·
February 28, 2025
Photo ; CRN

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ  ကျေးရွာ ၂ ရွာကို ဖေဖေါ်ဝါရီ ၂၅ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ယောက် သေဆုံးကာ လူနေအိမ်တွေပျက်စီးခဲ့သလို PDF ရဲဘော် တယောက် လည်း ကျဆုံးခဲ့တယ်လို့ ချောင်းဦးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CHU-PDF) ပြန်ကြားရေးတာဝန်ခံက “မုံရွာ-မန္တလေးလမ်းပိုင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ ချောင်းမရွာနဲ့ နွယ်ခွေရွာတွေကို စစ်တပ်ဘက်က လေကြောင်းကော၊ မြေပြင်စစ်ကြောင်းကော၊ လက်နက်ကြီးပစ်တာတွေကော တပြိုင်တည်း တနေကုန်နီးပါးလုပ်တာ။ လေကြောင်းနဲ့ လက်နက်ကြီးတွေထိလို့ ပြည်သူဘက်က ကလေးငယ်တွေ အပါအဝင် ၁၂ ယောက်သေသွားတယ်။ ​လူနေအိမ်တွေမီးလောင်တာကတော့ ၂၀ ဝန်းကျင်ရှိမယ်။ အဲ့ဒိထက်ပိုနိုင်တယ်။ စစ်ကြောင်းဝင်လာတဲ့အချိန်ရယ် လက်နက်ကြီးနဲ့ ပစ်တာတွေက တပြိုင်တည်းဆိုတော့ ရွာထဲကပြည်သူတွေ သေဆုံးဒဏ်ရာရကြလို့ အကုန်ပြေးကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးတွေ အင်အား ၅၀ ကျော်ပါတဲ့စစ်ကြောင်းဟာ အဆိုပါ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် PDF ရဲဘော်ဟာလည်း ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ချောင်းဦး PDF  ပြန်ကြားရေးတာဝန်ခံက  “မြေပြင်ပစ်ခတ်မှုအတွင်းကျဆုံးသွားတဲ့ ရဲဘော်က ချောင်းဦး ပကဖ တိုက်ခိုက်ရေးအဖွဲ့က တဦးတည်းပါ။ အဲ့ဒိနေ့ ညနေမှာပဲ သင်္ဂြိုလ်ပြီးပါပြီ။ စစ်ကောင်စီ ဘက်ကတော့ သတင်းမှားတွေ ဖြန့်နေတယ်။ မြေပြင်မှာဖြစ်တာနဲ့ ကွဲလွဲတာတွေရှိတယ်” လို့ ပြောပါတယ်။

တပ်ထောက်ခံတဲ့သူတွေဘက်ကတော့ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာအနီး တိုက်ပွဲမှာ PDF ရုပ်အလောင်း ၂ လောင်း၊ မောင်းပြန်သေနတ် တလက်၊ ကျည်အတောင့် ၁၀၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက “လူနေအိမ်တွေ ပျက်စီးတာနဲ့ သေဆုံးတဲ့ အရေအတွက်က ချောင်းမရွာကအများဆုံးပဲဗျ။ ရွာတွေထဲမှာ အပျက်အစီး ရှင်းလင်းတာတွေတော့ ဆောင်ရွက်နေကြပါပြီ။ ချောင်းမရွာက အိမ်တလုံးထဲကဆိုရင် ကလေတွေနဲ့ လူကြီးအလောင်း ၆ လောင်းတွေ့ရတယ်။ မိသားစုလိုက်သေဆုံးသွားတဲ့ သဘောဖြစ်လိမ့်မယ်ဗျာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို မြေပြင်စစ်ကြောင်းအပါအဝင် လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေအနေနဲ့ သတိထားနေ ထိုင်ကြဖို့ စစ်ကိုင်းတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013