Home
မြန်မာသတင်း
မိတ္ထီလာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
February 24, 2025
Photo : မိတ္ထီလာမြို့ခံတဦး။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးသက်တမ်း ၂ ရက်သာ ရှိသေးတဲ့ အမျိုးသားတယောက် ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီဝန်းကျင်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

အသက် ၄၅ နှစ်ဝန်းကျင်အရွယ် စည်းခုံကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးဟာ ပခုက္ကူတိုက်တန်းက ရမ်းကြီးလက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် ကျည်ဆန်  ၂ ချက် ထိမှန်ကာ နေရာမှာတင် သေဆုံးသွားခဲ့တာပါ။

မိတ္ထီလာမြို့ခံတယောက်က “အရင်ကတော့ အဲဒီရပ်ကွက်ရဲ့ ရာအိမ်မှူးပေါ့။ ကျနော်တို့ သိရသလောက် သူက ရာအိမ်မှူးဘဝမှာ စစ်တပ်ကခိုင်းသမျှ လုပ်ပေးလို့ အုပ်ချုပ်ရေးမှူး ရာထူးတိုးပေးလိုက်တာ ၂ ရက်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။

အခုပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်လာတာ မရှိသေးဘဲ ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦးရဲ့ အလောင်းကို စစ်ကောင်စီဘက်က လာရောက်သယ်ဆောင်သွားပါတယ်။

စည်းခုံကြီးရပ်ကွက်နေ လူငယ်တယောက်က “အဲဒီ ဇော်မင်းဦး ဆိုတဲ့လူက အုပ်ကြီး ဖြစ်ချင်လွန်းလို့ ရာအိမ်မှူးဘဝမှာကတည်းက စစ်တပ်ကို သတင်းပေးလုပ်နေတာ တရပ်ကွက်လုံးသိတယ်။ မြို့ပေါ်ရပ်ကွက်တွေက လူငယ်တွေကို ပေါ်တာဆွဲဖို့ကိစ္စတွေကိုလည်း သူက နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ခိုင်းနေလို့ နာမည်ထွက်နေတာကြာပါပြီ။ သူ့အသက်ကတော့ ၄၅၊ ၅၀ ဝန်းကျင်ပဲ ရှိဦးမယ်။ ကျနော်တို့မြို့က စစ်တပ်မြို့လိုဖြစ်နေတော့ အဲ့လိုလူမျိုးတွေကလည်း ပေါတယ်” လို့ ပြောပါတယ်။

မိတ္ထီလာမြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ကလည်း စစ်ကောင်စီသတင်းပေး အသက် ၇၆ နှစ်အရွယ် ဝါးရုံစုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကြည်ညွန့်ဟာ ဝါးရုံစုကျေးရွာကနေ ရှမ်းမငယ်ကျေးရွာကို ဆိုင်ကယ်နဲ့အသွား လမ်းမှာ ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားခဲ့တယ်လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013