
ဒေါ်နယ်ထရမ့်ပ်အစိုးရနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့နဲ့ အမေရိကန်ဆီက ကာလရှည် လုံခြုံရေး ကတိကဝတ်ရရှိရေးအတွက် သယံဇာတ သဘောတူစာချုပ်ချုပ်ဖို့ စည်းကမ်းချက်တွေကို ယူကရိန်းဘက်က သဘောတူလိုက်ပြီလို့ Financial Times သတင်းစာက ဖော်ပြပါတယ်။
ရေနံနဲ့ ဓာတ်ငွေ့အပါအဝင် သယံဇာတတူးဖော်မှုတွေလုပ်ပြီးရတဲ့ ဝင်ငွေကနေ ဒေါ်လာ ၅၀၀ ဘီလျံ ပေးဆပ်ရမယ်ဆိုတဲ့ တောင်းဆိုချက်မျိုး ပြန်ဖြုတ်ပေးပြီးတဲ့နောက်မှာ ပူးတွဲ လုပ်ကိုင်ရေးအတွက် ယူကရိန်းဘက်က လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
စာချုပ်မူကြမ်းမှာ လုံခြုံရေးအာမခံချက်ပေးမယ်လို့ အတိအလင်းမဖော်ပြထားပေမဲ့ ယူကရိန်း အတွက် ပိုကောင်းတဲ့အချက်တွေပါအောင် ညှိနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။ အဓိကကတော့ အမေရိကန်နဲ့ ဆက်ဆံရေးချဲ့ထွင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဆွေးနွေးမှုကိုဦးဆောင်တဲ့ ယူကရိန်းဘက်က ဒုဝန်ကြီးချုပ်နဲ့ တရားရေးဝန်ကြီး အိုလဟာစတီဖနီရှိုင်နာကတော့ သယံဇာတ သဘောတူညီချက်ဟာ ကျယ်ပြောတဲ့ ကိစ္စတွေထဲက တစိတ်တပိုင်းပဲ ရှိသေးတယ်လို့ အမေရိကန်ဘက်က ပြောတယ်လို့ ဆိုပါတယ်။
လာမယ့် သောကြာနေ့ကျရင် သမ္မတ ဇလန်းစကီးဟာ ဝါရှင်တန်ကိုသွားမှာဖြစ်ပြီး ထရမ့်ပ်နဲ့ စာချုပ်ချုပ်မယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
သမ္မတထရမ့်ပ်ကလည်း ဇလန်းစကီး သောကြာနေ့ လာမယ်လို့ ကြားကြောင်း၊ လာချင်တယ်ဆို သူ့ဘက်က အဆင်ပြေကြောင်း ပြောထားပါတယ်။
Source: Reuters