Home
နိုင်ငံတကာ
ဥရောပက ယူကရိန်းကို ထောက်ပံ့ခဲ့သည့်ငွေများ ပြန်ရနေဟု ထရမ့်ပ် ပြောဆိုချက် ပြင်သစ်သမ္မတ တုံ့ပြန်
DVB
·
February 26, 2025
Photo: REUTERS/Brian Snyd

ဥရောပဟာ ယူကရိန်းဆီကနေ သူတို့ငွေတွေ ပြန်ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောအပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ထရမ့်ပ်ရဲ့စကားကို ပြန်ပြင်ပြောခဲ့ပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ချိန်မှာ ထရမ့်ပ်က ဥရောပဟာ ယူကရိန်းကို ငွေချေးနေတယ်လို့ ပြောခဲ့တာပါ။

“အမှန်အတိုင်းပြောရရင် ကျနော်တို့ဟာ စုစုပေါင်း အားထုတ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကို ပေးချေခဲ့ပြီး အဲဒါက ချေးငွေ၊ အာမခံငွေ၊ ထောက်ပံ့ကြေးတွေ ဖြစ်ပြီး ကျနော်တို့က တကယ့်ငွေကို ပေးခဲ့တယ်။ ရှင်းရှင်းလင်းလင်း သိရအောင်ပါ။ ဥရောပမှာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှု ၂၃၀ ဘီလီယံ ရှိတယ်။ ဒါပေမဲ့ အဲဒါက ကျနော်တို့ပိုင်တာမဟုတ်တဲ့အတွက် ချေးငွေအတွက် အပေါင်ပစ္စည်း မဟုတ်နေဘူး။ ဒါကြောင့် သူတို့ကို ထိန်းချုပ်ထားတယ်” လို့ မက်ခရွန်က ပြောခဲ့ပါတယ်။

ထရမ့်ပ်နဲ့ သူ့အဖွဲ့ဟာ ရုရှားနိုင်ငံကို ချေမှုန်းဖို့ လက်နက်ပုံစံနဲ့ အရင်သမ္မတ ဘိုင်ဒင်အစိုးရ လက်ထက်က ယူကရိန်းအစိုးရကို ပေးခဲ့တဲ့ ငွေကြေးတချို့ကို ပြန်လည်ရနိုင်ဖို့ ယူကရိန်းနဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေကနေ ပြန်ရငွေဆိုင်ရာ သဘောတူညီချက်ကို ညှိနှိုင်းနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ ဆွေးနွေးပြီးတဲ့နောက် ယူကရိန်းမှာ ငြိမ်းချမ်းရေးလမ်းစ မြင်တွေ့နိုင်တယ်လို့လည်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

ရုရှား ကျူးကျော်မှု တတိယနှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ မက်ခရွန်က သူနဲ့ ထရမ့်ပ်တို့ဟာ ငြိမ်းချမ်းရေးကို အမြန်လိုချင်ကြောင်း သဘောတူခဲ့ကြတာပါ။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ လုံခြုံရေးအာမခံချက်ပါတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကနေ စပြီး ယူကရိန်းအတွက် အကြွင်းမဲ့ လက်နက်ချ အလျှော့ပေးလိုက်ရတာမျိုး မဖြစ်စေရဘူးလို့ မက်ခရွန်က ပြောပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် အပြည့်အဝ အကောင်အထည်ဖော်နိုင်တာ သေချာစေဖို့ ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့တပ်တွေ စေလွှတ်တာ အပါအဝင် ယူကရိန်းလုံခြုံရေးကို အာမခံချက်ပေးရာမှာ ပါဝင်ဖို့ ဥရောပက အဆင်သင့်ရှိတယ်လို့လည်း မက်ခရွန်က ပြောပါတယ်။

လွန်ခဲ့တဲ့ တလလောက်က အာဏာရလာတဲ့ ထရမ့်ပ်ဆီ ပထမဆုံး လာရောက်လည်ပတ်တဲ့ ဥရောပခေါင်းဆောင် မက်ခရွန်က ထရမ့်ပ်နဲ့ သူ့ရဲ့ ဆွေးနွေးချက်တွေဟာ ပိုစည်းလုံးညီညွတ်တဲ့ ချဉ်းကပ်မှုတခုအတွက် တွန်းအားထဲက “အလှည့်အပြောင်းတရပ်” လို့ ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013