
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်က ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီး မင်းသားခါလစ်ဒ်ဘင်ဆယ်လ်မန်ကို ပင်တဂွန်စစ်ဌာနချုပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်က ကြိုဆို တွေ့ဆုံခဲ့ပါတယ်။
ဆော်ဒီအာရေဗျနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်မှုက အလွန်အရေးကြီးတယ်လို့လည်း ပြောပါတယ်။
ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးဖို့နဲ့ ပိုကျယ်ပြန့်တဲ့ ရုရှား-အမေရိကန် ဆက်ဆံရေးကို ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ အမေရိကန်နဲ့ ရုရှားတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲကို မကြာသေးမီက ဆော်ဒီနိုင်ငံမှာ လက်ခံကျင်းပခဲ့တာပါ။ အဲဒီနောက် ဆော်ဒီကာကွယ်ရေးဝန်ကြီးရဲ့ ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဟက်ဇက်က ဆွေးနွေးပွဲကို လက်ခံကျင်းပပေးတဲ့အတွက် ဆော်ဒီအာရေဗျကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
အီရန်နဲ့ အီရန်ရဲ့ မဟာမိတ်တွေက ဆော်ဒီကို တိုက်ခိုက်ခဲ့ရင် အမေရိကန်က ဆော်ဒီကို ကာကွယ်ပေးမှာလားလို့ သတင်းထောက်တယောက်က မေးရာမှာ ဟက်ဇက်က သေချာပေါက်ပေါ့လို့ ပြန်ပြောခဲ့ပါတယ်။
“ဆော်ဒီဟာ အလွန်ကောင်းတဲ့ မဟာမိတ်ဖြစ်ပြီး အီရန်ဟာ ဒေသတွင်းမှာ ကြီးမားတဲ့ စိုးရိမ်စရာ ဖြစ်တယ်၊ ဒီနေ့ ကျနော်တို့ဆွေးနွေးမယ့် ကိစ္စပါပဲ” လို့ ဟက်ဇက်က ဆက်ပြောခဲ့ပါတယ်။
ဆော်ဒီဝန်ကြီးရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ အမေရိကန်နဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့လို့ ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ခရီးစဉ်မတိုင်မီမှာ ပြောခဲ့ပါတယ်။
Source : Reuters