
ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချပြီး ယူကရိန်းနယ်မြေတွေ ပြန်ပေးဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဖေဖော်ဝါရီလ ၂၄ ရက်က မဲခွဲခဲ့ရာမှာ အမေရိကန်ဟာ ရုရှား၊ မြောက်ကိုရီးယား၊ အီရန်နဲ့ တခြား ၁၄ နိုင်ငံနဲ့အတူ ကန့်ကွက်မဲပေးခဲ့ ပါတယ်။
ယူကရိန်းနိုင်ငံဘက်က တင်သွင်းတဲ့ ဒီဆုံးဖြတ်ချက်ဟာ ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၁၈ မဲ၊ ကြားနေမဲ ၆၅ မဲ နဲ့ အတည်ဖြစ်ပါတယ်။
အမေရိကန်ဟာ သူကိုယ်တိုင်တင်သွင်းတဲ့ စစ်ပွဲအဆုံးသတ်ရေးတောင်းဆိုတဲ့ နောက်ထပ် ဆုံးဖြတ်ချက်ကိုလည်း ဥရောပဘက်က ပြင်ဆင်ခဲ့တာကြောင့် မဲမပေးဘဲ ကြားနေခဲ့ပြန်ပါတယ်။
ရုရှား ကျူးကျော်မှု၊ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေ မပြိုကွဲရေး အပေါ် ကုလထောက်ခံမှုဆိုတဲ့ စာသားတွေ ဥရောပနိုင်ငံတွေက ပြင်ဆင်ထည့်သွင်းခဲ့တာကြောင့် အမေရိကန်ကိုယ်စားလှယ်က မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ဟာလည်း ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၈ မဲ၊ ကြားနေမဲ ၇၃ မဲ နဲ့ အတည်ဖြစ်ပါတယ်။
ရုရှားကျူးကျော်စစ်သုံးနှစ်ပြည့်ချိန်မှာ ပြုလုပ်တဲ့ ဒီမဲခွဲဆုံးဖြတ်မှုတွေဟာ ထရမ့်အစိုးရနဲ့ ဥရောပနိုင်ငံတွေအကြား သဘောကွဲလွဲမှုကို ဖော်ပြနေပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် (Resolution) တွေဟာ လိုက်နာဖို့ စည်းနှောင်တဲ့ အာဏာမရှိပေမဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သဘောထားကို ဖော်ပြရာရောက်ပြီး သံတမန်ရေးအရ သက်ရောက်မှုရှိပါတယ်။
တနေ့တည်းမှာပဲထုတ်ပြန်တဲ့ အမေရိကန်ကရေးဆွဲတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာတော့ ရုရှား-ယူကရိန်းစစ်ပွဲမှာ ကြားနေတဲ့ သဘောထားကို အတည်ပြုပါတယ်။
ဒီဆုံးဖြတ်ချက်ထဲမှာ ရုရှား-ယူကရိန်းပဋိပက္ခလို့ပဲ သုံးနှုန်းထားတာဖြစ်ပြီး ဒါကိုပဲ အမေရိကန်က အထွေထွေညီလာခံမှာလည်း ထပ်မံတင်ပြခဲ့ရာမှာ ဥရောပက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နဲ့ ရုရှားတို့ ဗီတိုအာဏာသုံးနိုင်တဲ့ အမြဲတမ်းအဖွဲ့ဝင်တွေအဖြစ် ပါဝင်တဲ့ လုံခြုံရေးကောင်စီကသာ အဓိက အာဏာရှိတာဖြစ်ပါတယ်။
Source-Reuters