ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အမှတ် ၆ ခြေလျင်တပ်ရင်းကို ဖေဖော်ဝါရီ ၂၅ ရက်ည ၁၀ နာရီကျော်လောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သူတွေရှိတယ်လို့ မြောက်ဥက္ကလာပ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ခလရ ၆ တပ်ရင်းအတွင်းကို လက်ပစ်ဗုံး ၃ လုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ ပေါက်ကွဲအားကောင်းပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဆိုပါတယ်။
မြောက်ဥက္ကလာပ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူ ကိုမင်းက “ကျနော်တို့ ခလရ ၆ တပ်ရင်အတွင်းကို လက်ပစ်ဗုံး ၃ လုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု အတော်လေးရှိမယ်။ ထိခိုက်သေဆုံးမှု အတိအကျတော့ မသိရသေးဘူး” လို့ DVBကို ပြောပါတယ်။
လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးလွတ်ရာကို ပြန်လည်တိမ်းရှောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ တပ်တွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လူနာတင်ကားတွေ ဆူညံနေတယ်လို့ တပ်အနီးနေထိုင်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် ည ၁၀ နာရီကျော်ကလည်း မြောက်ဥက္ကလာပမြို (ဌ)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ စစ်မှုထမ်းကိစ္စ အစည်းဝေးပြုလုပ်နေအချိန် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှုးရုံးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေသိရပါတယ်။