ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ စက်ရုံဝန်ထမ်းအလုပ်လျှောက်သူတွေဟာ အီလက်ထရောနစ် မှတ်ပုံတင် (eID ) စာရွက်ပါမှ အလုပ်အကိုင်ရရှိနေတယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။
eID အတွက် မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုစာရင်းမူရင်း ပြသရပြီး အမည် စာလုံးပေါင်းလွဲ၊ မွေးသက္ကရာဇ်လွဲ၊ လိပ်စာမှား စတဲ့ အချက်အလက် မစုံသူတွေနဲ့ အထောက်အထားမူရင်း မပါသူတွေဟာ အချိန်ကြန့်ကြာနေပါတယ်။
eID ပြုလုပ်နေသူတယောက်က “အဖေနာမည်ကို သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်မှာ ရရစ်နဲ့ ယပင့်လွဲတာ။ မူရင်းတွေမတူလို့ အစအဆုံး ပြန်လုပ်ခိုင်းတယ်။ အလုပ်ကလေးရဖို့ မှတ်ပုံတင်အသစ် ပြန်လုပ်ခိုင်းနေတာ” လို့ ပြောပါတယ်။
စက်ရုံတွေမှာ ကလေးလုပ်သားခိုင်းစေမှု ပပျောက်ရေးအတွက်လို့ ဆိုကာ အလုပ်လျှောက်သူဟာ သက်ပြည့်ပြီးသူဖြစ်ကြောင်းနဲ့ အထောက်အထားမှန်ကန်စေဖို့ မှတ်ပုံတင်မူရင်းနဲ့ QR ကုတ်ပါ eID ကို တောင်းယူနေတာလို့ သိရပါတယ်။
မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) မှာတော့ မနက် ၉ နာရီခွဲ ရုံးဖွင့်ချိန်မှာ eID စာရွက်ရရှိဖို့ ရာဂဏန်းလောက်ရှိတဲ့ လူငယ်တွေ တန်းစီနေတာ တွေ့ရပြီး မီးပြတ်နေပါက နောက်ရက်ရွှေ့တာ ရှိနေပါတယ်။
အလုပ်လျှောက်နေသူတယောက်က “စမတ်ကတ် (eID) လုပ်တာ နေရပ်မတူလို့ ဦးစားမပေးတာတွေ ရှိတယ်။ လူကလည်းများတော့ အချိန်တော်တော်ကြာတယ်။ နယ်ပြောင်းဆို မှတ်ပုံတင်တခုတည်းနဲ့ မလုပ်ပေးတော့ဘူး။ ရုံးကလည်း eID ကတ်ပါမှ လျှောက်လို့ရတာ။ အမွေးညှပ်တို့ Helper (အကူ) တို့ ဆိုရင်တော့ မလိုသေးဘူး” လို့ ဆိုပါတယ်။
ရန်ကုန်ကို ပြောင်းရွှေ့လာကြတဲ့ နေရပ်ရှောင်တွေမှာ မှတ်ပုံတင်ပါရှိပေမဲ့ ရွှေ့ပြောင်းထောက်ခံစာ၊ သန်းခေါင်စာရင်းမူရင်း၊ ပျောက်ဆုံး (မှတ်ပုံတင်၊ သန်းခေါင်စာရင်း) ပြန်လျှောက်ဖို့နဲ့ ဧည့်စာရင်းတိုင်ကြားဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။