Home
မြန်မာသတင်း
ရွှေပြည်သာတွင် အုပ်ချုပ်ရေးမှူးများက ဘေးတွဲ၊ ဆိုင်ကယ် ဖမ်းဆီးပြီး ရန်ပုံငွေ ရှာဖွေနေ
DVB
·
January 3, 2025

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ၂၀၂၅ ဇန်နဝါရီလဆန်းကစလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဘေးတွဲ၊ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ရုံးရန်ပုံငွေ ရှာဖွေနေတယ်လို့ မြို့ခံဘေးတွဲမောင်းသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မနှစ်က နိုဝင်ဘာလမှာ ဘေးတွဲမောင်းသူစာရင်း ကောက်ယူခဲ့သလို ဒီဇင်ဘာလထဲမှာ ဘေးတွဲမောင်းသူတွေကို အလှည့်ကျ ရပ်ကွက်ရုံး ကင်းစောင့်ခိုင်းတာတွေ၊ မောင်းခွင့်ကတ်ပြားအတွက် မှတ်ပုံတင်ခိုင်းတာတွေ ရှိခဲ့ပါတယ်။

ဘေးတွဲမောင်းသူတယောက်က “လမ်းမကြီးပေါ် တက်မောင်းတဲ့သူတွေနဲ့ မှတ်ပုံလာမတင်တဲ့ မောင်းသူတွေကို ဖမ်းခိုင်းတာ။ ဆိုင်ကယ်အင်္ဂါရပ် မစုံတာရော၊ ဦးထုပ်၊ အင်္ကျီ မဝတ်တာတွေရော ပါတယ်။ အရင်က ရဲတွေပါသေးတယ်။ အခုဖမ်းနေတာက ရုံးကလူတွေနဲ့ သူတို့ကို ကင်း‌စောင့်ပေးတဲ့ ဘေးတွဲသမားတွေပါ ပါတာ” လို့ ပြောပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်ရုံးတခုကို စာရွက်စာတမ်းကြေး တလ ၅ သောင်းကျပ် ပေးထားသလို ဧည့်စာရင်းတိုင်ကြားခြင်းနဲ့ ထောက်ခံစာပြုလုပ်ခြင်းအတွက် ငွေကြေးကောက်ခံမှုတွေကိုပါ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

ရပ်ကွက်ရုံးနဲ့ နီးစပ်သူတယောက်ရဲ့ ပြောပြချက်အရ လစဉ်ထောက်ပံ့ငွေ သောင်းဂဏန်းလောက်ဟာ အမည်ခံသာဖြစ်တဲ့အပြင် ၃၊ ၄ လနေမှ တခါရှင်းပေးတာဖြစ်ပြီး ရပ်ကွက်ရုံးလုံခြုံရေးအတွက် ကင်းစောင့်ပေးသူတွေအတွက် ဓာတ်ဆီဖိုး၊ ကျွေးမွေးစရိတ်နဲ့ လစဉ် ဘေလ်ဆောင်ခတွေ နေ့တိုင်းကုန်ကျနေတာကြောင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အစည်းအဝေးကနေ ခွင့်ပြုချက်ရလို့ ငွေဒဏ်ကောက်ခံတာလို့ သိရပါတယ်။

ဘေးတွဲဆိုင်ကယ်မှာ အမိုးပါခြင်း၊ ခွင့်ပြုကတ်ပြားမပါခြင်း၊ သတ်မှတ်ဝတ်စုံ မဝတ်ဆင်ခြင်း၊ ဦးထုပ်မဆောင်းခြင်း၊ ၂ ဦးထက်ပိုတင်ခြင်းနဲ့ နောက်ကြည့်မှန်မတပ်ဆင်ထားခြင်းတွေကြောင့် ဖမ်းဆီးခံရပါက ငွေဒဏ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးဆောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024