Home
မြန်မာသတင်း
ကံမတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ၊ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး
DVB
·
December 31, 2024
Photo: သရက်ခရိုင်အမှတ် ၄ တပ်ရင်း

မကွေးတိုင်း၊ ကံမမြို့နယ်မှာ လူငယ်တွေကို‌ ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရသွားကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း က ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကံမမြို့နယ်ထဲက စစ်ကောင်စီက ခန့်ထားတဲ့ ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပြည်သူလူထုရဲ့ တိုင်ကြားချက်အရ သေချာစုံစမ်းပြီးမှ ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ သူ့အိမ်ထဲကို ဝင်ဖမ်းခေါ်တော့ အချိုသတ်ပြီး ခေါ်လာတော့ အသာတကြည် လိုက်လာတယ်။ ရွာအပြင်ရောက်မှ ရင်ဘတ်ကို တချက်တည်းပစ်ပြီး ရှင်းလင်းခဲ့တာပါ။ သူ ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က လာစစ်တာတွေ ဘာတွေ မရှိဘူး။ နောက်နေ့မနက်မှ သူ့အလောင်းကို ဒေသခံတွေက ကံမဆေးရုံကို ပို့ပေးလိုက်ကြတယ်” လို့ ပြောပါတယ်။

အဆိုပါ ညောင်ပင်ကွင်းကျေးရွာက အသက် ၅၆ နှစ်အရွယ်ရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ဟာ စစ်ကောင်စီအလိုကျ စစ်မှုထမ်းဖို့ ပေါ်တာဆွဲရာတွေမှာ လိုက်လံကူညီပေးတာအပြင် ကံမမြို့နယ်အတွင်းက စစ်မှုထမ်းဖို့ လူမပေးနိုင်တဲ့ တခြားကျေးရွာတွေကနေ ငွေကျပ်သိန်း ၁၀၀ ယူပြီး လူဝယ်ထည့်ပေးကာ ရရှိလာတဲ့ငွေကြေးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အချိုးကျ ခွဲဝေယူတာတွေ ပြုလုပ်နေရုံသာမက ညောင်ပင်ကွင်းကျေးရွာက ပြည်သူတွေကိုလည်း တအိမ်ထောင် ၁ သိန်းကျပ်နှုန်းနဲ့ ၂ လ ၁ ကြိမ် ကောက်ခံနေတဲ့အတွက် ဒီဇင်ဘာ ၂၇ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက် မနက် ၅ နာရီခွဲဝန်းကျင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးသွားကြတယ်လို့လည်း သိရပါတယ်။

သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က “ကံမမြို့ဘက်ကနေ ကံမ-ပြကြီးလမ်းအတိုင်း ထွက်လာတဲ့ စစ်သား ၁၅ ယောက်လောက် ပါလာတဲ့ အဖြူရောင် Light Truck ကားကို ကြိုပြီးသတင်းရလို့ ကျောက်မဲရွာနဲ့ ဖရုံလှရွာကြားမှာ ကျနော်တို့ တပ်ရင်း ၄၊ တပ်ခွဲ ၂ မိုင်းတပ်စိတ်က ရဲဘော်တွေ မိုင်းဆွဲခဲ့ကြတာပါ။ အဲဒီကားပေါ်မှာပါတဲ့ ၁၅ ယောက်ထဲက ၃ ယောက် သေတယ်။ ၅ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

နောက်ဆက်တွဲအခြေအနေအရ အဆိုပါ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဥသျှစ်ပင်စစ်ဆေးရုံမှာ ဆေးကုသနေပြီး ၃ ယောက်မှာ ဒဏ်ရာအပြင်းအထန်ရလို့ ထပ်မံသေဆုံးနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးလေယာဥ်တွေအပြင် လက်နက်ကြီးတွေ အသုံးပြုပြီး သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ထဲက ကျေးရွာတွေအတွင်း မြေပြင်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက်လည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီကနေ သိရပါတယ်။

သရက်ခရိုင်အတွင်း တိုက်ပွဲအခြေအနေ အပါအဝင် စစ်ကောင်စီလက်အောက်ခံတွေ တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013