ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်တွေ ရပ်ကွက်အတွင်း နေထိုင်လိုပါက ကျပ် ၅၀,၀၀၀ အထိ တောင်းယူနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။
စစ်ကောင်စီခန့် ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ရခိုင်ပြည်နယ်ကနေလာတဲ့ စစ်ဘေးရှောင်တွေကို ရပ်ကွက်အတွင်း နေထိုင်လိုပါက တယောက် ၅၀,၀၀၀ ကျပ်ပေးဖို့ တောင်းယူနေတာဖြစ်ပြီး ငွေမပေးပါက နေထိုင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတယောက်က “စစ်ရေးဖြစ်လို့ ရှောင်လာတာကို အုပ်ကြီးက ငွေမပေးရင် နေထိုင်ခွင့်မပေးဘူး လုပ်နေတာ။ ပေါ်တင်ပြောတောင်းနေတာ။ တောင်းတော့လည်း တယောက်ကို ၅၀,၀၀၀ အထိတောင်းတာ” လို့ ပြောပါတယ်။
လက်ရှိ ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက်နဲ့ သီတာကုန်းပြင်ကျေးရွာဘက်မှာ ရခိုင်ပြည်နယ်ကနေ ပြောင်းလာတဲ့ စစ်ဘေးရှောင် အယောက် ၅၀၀ ဝန်းကျင်လောက်အထိ ရှိတယ်လို့ သိရပါတယ်။
အဲဒီ စစ်ဘေးရှောင်အများစုက လတ်တလောနေထိုင်ခွင့်ရဖို့အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက တောင်းတဲ့ ကျပ် ၅၀,၀၀၀ ပေးနေတဲ့သူ ရှိသလို မပေးနိုင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အဲဒီ ငါးသိုင်းချောင်းမြို့ကို ရောက်နေတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးပါကြောင်း၊ ဒီဇင်ဘာ ၉ ရက်ကလည်း စစ်ဘေးရှောင်တွေထဲက လူငယ်အမျိုးသား ၈ ယောက်ကို စစ်ကောင်စီတပ်က AA သတင်းပေးဆိုပြီး စွပ်စွဲကာ ဖမ်းဆီးထားတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။