Home
မြန်မာသတင်း
သာပေါင်းမြို့နယ်၌ စစ်မှုထမ်း အစားထိုးကြေးတအိမ်လျှင် ကျပ် ၂ သိန်းကောက်ယူနေ
DVB
·
December 27, 2024
Photo : VV

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအစားထိုးကြေး တအိမ်ကို ကျပ် ၂ သိန်း ကောက်ယူနေလို့  အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က စတင်ပြီး ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး မျိုးသူအောင်၊ စာရေး အောင်ရဲထက်၊ ရာအိမ်မှူး စန်းထွေးနဲ့ ဆယ်အိမ်မှူးတွေက စစ်မှုထမ်း လူစားငှားရမ်းထည့်ဖို့အတွက် ဆိုပြီး ကောက်ယူနေတာလို့ ဆိုပါတယ်။

ဒေသခံကတယောက်က “ကောက်တဲ့ငွေမထည့်ရင် အဖမ်းမခံရဖို့ အာမ မခံပေးနိုင်ဘူး၊ မဖြစ်မနေလည်း ငွေရှာထည့်ရမယ်လို့ ပြောတာ။ အခု ဒီဇင်ဘာလကုန်ကို နောက်ဆုံးထား ပေးရမယ် ဆိုပြီး အတင်းအဓမ္မ ဖိအားပေးတောင်းနေတာ။ ရှိတဲ့သူတွေက ထည့်ရတာ လွယ်တာပေါ့။ မရှိတဲ့သူတွေက အတော်ဒုက္ခရောက်ရပါတယ်” လို့ ပြောပါတယ်။

ငဝန်ကြို့ကုန်းကျေးရွာအုပ်စုထဲမှာ သရက်ပင်ကုန်းကျေးရွာ၊ ညောင်ချဉ်ကုန်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနဲ့ ရှောက်ချောင်းကျေးရွာဆိုပြီး ကျေးရွာခွဲတွေတည်ရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်မှုထမ်းကိစ္စတွေမှာ အထက်က စစ်ဆေးဖြေရှင်းပေးတာ အားနည်းတော့ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး အောက်ခြေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လုပ်ချင်သလို လုပ်နေတာ။ အခု ငွေကောက်တာကတော့အမှန်ပဲ” လို့ ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်တွေတုန်းကလည်း အရပ်သားတွေဆီကနေ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ယူခဲ့ပြီး ကောက်ယူထားတဲ့ငွေတွေကို စစ်မှုထမ်းဆောင်သူနဲ့ မိသားစုတွေဆီ မပေးခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သာပေါင်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကိစ္စ အကြောင်းပြကာ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ငွေညှစ်နေပြီး တရက် ငွေကျပ် ၇,၀၀၀ လောက်သာရတဲ့ တနေ့လုပ်တနေ့စား အခြေခံမိသားစုတွေအဖို့ အခက်အခဲနဲ့ ပိုမိုဆိုင်ဆိုင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013