မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မရပ်ကွက်မှာ ဇန်နဝါရီ ၁ ရက် ည ၆ နာရီခွဲက စစ်ကောင်စီဩဇာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြစ်ငယ်မြို့မရပ်ကွက်မှာ စစ်တပ်နဲ့ ပေါင်းကာ စစ်မှုထမ်းစာရင်းကောက်ယူတာတွေ၊ ပေါ်တာဆွဲ တာတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းတာတို့ကြောင့် အုပ်ချုပ်ရေးမှူး စောနေထွန်း ပစ်ခတ်ခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။
"သူက ပြည်ခိုင်ဖြိုးပါတီကနေ အုပ်ချုပ်ရေးမှူး ဖြစ်လာတာ စစ်မှုထမ်းကိစ္စနဲ့ ငွေကြေး ကောက်တယ်။ ပြည်သူ့စစ်အဖွဲ့နဲ့ပေါင်းပြီး စစ်တပ်အတွက် ပေါ်တာဆွဲပေးတယ်။ အဲဒါကြောင့် အပစ်ခံရတာ နေမှာ။”
မနေ့ညက မြစ်ငယ်မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောနေထွန်းကို စစ်ကိုင်း-မြစ်ငယ် ကားလမ်းမပေါ်ရှိ ဂျက်ဝမ်းအရက်ဆိုင်ရှေ့မှာ ဆိုင်ကယ်ပေါ်က ပစ်ခတ်သွားတာလို့ ရပ်မိ ရပ်ဖ တယောက်က ပြောပါတယ်။
“ကျည် ၂ ချက် မှန်တယ်။ မန္တလေးဆေးရုံကြီးကို စစ်တပ်က ပို့ပေးတယ်။ ည ၈ နာရီလောက်မှာ သေသွားတယ်။ ပစ်တဲ့သူတွေကို မမိဘူး။ မြစ်ငယ်ရပ်ကွက်မှာတော့ စစ်ဆေးနေတယ်။”
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အမရပူရမြိုနယ် မြစ်ငယ်ရပ်ကွက်မှာ ဒီနေ့မနက်အထိ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။