
သြစတြေးလျနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ တရုတ်ရေတပ်က တရားဝင် စစ်ရေးလေ့ကျင့်မှု အပေါ် အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ ပြောရင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩစတြေးလျအစိုးရကို ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
မကြာသေးမီက တရုတ်က စစ်သင်္ဘော ၃ စင်းနဲ့ တိုက်ရိုက် ပစ်ခတ်လေ့ကျင့်နေချိန်မှာ တရုတ်နိုင်ငံကို “ပွင့်လင်းမြင်သာမှု မရှိဘူး” လို့ သြစတြေးလျ အစိုးရက စွပ်စွဲခဲ့ပြီး လေကြောင်းလိုင်းတချို့ကို ပျံသန်းမယ့် လမ်းကြောင်းတွေ ပြောင်းဖို့ သြစတြေးလျ လေကြောင်းထိန်းချုပ်ရေး အေဂျင်စီက အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။
ဒီလုပ်ရပ်အပေါ် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ဝူချဲ့က ပြစ်တင်ဝေဖန်ခဲ့တာပါ။
တရုတ်ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ သြစတြေးလျ ကမ်းရိုးတန်းနဲ့ အလှမ်းဝေးတဲ့ ပင်လယ်ပြင်မှာ လုပ်ခဲ့တာကို သတိပြုမိပြီး သြစတြေးလျရဲ့ ပြောဆိုချက်တွေက အချက်အလက်တွေနဲ့ လုံးဝကွဲလွဲနေတယ်လို့ ဝူက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်ဘက်က ကြိုတင်ထုတ်ပြန်ထားတဲ့ ဘေးကင်းရေး သတိပေးချက်တွေအရ ပင်လယ်ပြင်မှာ တိုက်ရိုက်ပစ်ခတ်လေ့ကျင့်ခဲ့တာလို့ ဝူက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေက နိုင်ငံတကာ ဥပဒေတွေ၊ ကျင့်ထုံးတွေနဲ့ ကိုက်ညီပြီး လေကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးကို ထိခိုက်မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
အဖြစ်မှန်ကို အပြည့်အဝ သိထားပေမဲ့ သြစတြေးလျဘက်က တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ စွပ်စွဲခဲ့ပြီး ဒီကိစ္စကို တမင်တကာ အရှိန်မြှင့်ခဲ့တာလို့ ဝူက ပြောပါတယ်။
“ကျနော်တို့ ဒါကို အကြီးအကျယ် အံ့အားသင့်ပြီး ပြင်းပြင်းထန်ထန် မကျေနပ်ပါဘူး” လို့လည်း သူက စွဲချက်တင် ပြောဆိုပါတယ်။
သြစတြေးလျဟာ နှစ်နိုင်ငံနဲ့ စစ်ဘက်နှစ်ရပ်ကြား ဆက်ဆံရေးအပေါ် ဓမ္မဓိဋ္ဌာန်ကျပြီး ကျိုးကြောင်းဆီလျော်တဲ့ သဘောထားကို ပိုရိုးရိုးသားသား ကျွမ်းကျင်ပိုင်နိုင်မှုရှိရှိ ချမှတ်ရင်း နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး တည်ငြိမ်ဖွံ့ဖြိုးတိုးတက်စေဖို့ အမှန်တကယ် ခိုင်မာတဲ့ လုပ်ရပ် တစုံတရာကို လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့လည်း ဝူက ပြောခဲ့ပါတယ်။
Source : Reuters