
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ မိုင်တိုင်အမှတ် ၁၆၊ ၁ ဖာလုံနဲ့ ၂ ဖာလုံကြားမှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော်လောက်က သရုပ်ဆောင်တွေပါတဲ့ အိမ်စီးကားတစီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ လူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အဖြူရောင် တိုယိုတာ မာ့ခ်တူးကားဟာ ပဲခူးဘက်ကနေ ရန်ကုန်ကို မောင်းနှင်လာတာဖြစ်ပြီး တလမ်းတည်းရပ်ထားတဲ့ သံချောင်းတင်ကားကို အနောက်ကနေ ဝင်တိုက်မိတာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “တယောက်က ဦးမေတ္တာ(သရုပ်ဆောင်)ရဲ့ သားလို့ ပြောတယ်။ လူနာ ၄ ဦးမှာ မ ၁၊ ကျား ၃ ပါ။ ကောင်မလေးက ဘယ်လက်မောင်းကျိုး၊ ဒရိုင်ဘာက ညာခြေကျိုးဒဏ်ရာ ရထားတယ်။ ကျန်တာ မစိုးရိမ်ရပါ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသား အပါအဝင် သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း၊ အမျိုးသမီးသရုပ်ဆောင် မေမြတ်နိုးခင်နဲ့ ဓာတ်ပုံဆရာတယောက်တို့ရဲ့ လက်မောင်း၊ ခြေထောက်နဲ့ ခါး၊ မျက်နှာတို့မှာ ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။
ဒဏ်ရာရရှိသူ ၄ ယောက်ကို မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေက ပဲခူးဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားကြပြီး သက်ဆိုင်ရာအဖွဲ့တွေက လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။