ရန်ကုန်၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ၁ ရပ်ကွက်၊ တပင်ရွှေထီးလမ်းနဲ့ တောင်ငူလမ်းထောင့်မှာ ဇန်နဝါရီ ၂၃ ရက် မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လှိုင်သာယာ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တပင်ရွှေထီးလမ်းအတိုင်း လမ်းဘေးကပ်ရပ်ထားတဲ့ ရောင်ပြန်မပါတဲ့ ကွန်တိန်နာကားကို လူ ၅ ယောက်ပါ ဟိုက်ဂျက်ယာဉ်က အနောက်ကနေ ဝင်တိုက်မိတာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကားက တပင်ရွှေထီးလမ်းကနေ ရွှေလင်ဗန်းစက်မှုဇုန် အသွားလမ်းမှာ ကွန်တိန်နာကို ဝင်တိုက်တာ။ မနက် ၅ နာရီလောက်က ဖြစ်တာ။ ဟိုက်ဂျက်မှာ စုစုပေါင်း ၅ ယောက်။ နောက်ခန်း ၃ ဦး၊ ရှေ့ခန်း ၂ ဦးပါ။ ရှေ့ခန်းက အမျိုးသမီးက သေဆုံး။ အနောက်က ကလေး ၃ ဦးမှာ ၁၅ နှစ်သား ၂ ဦးက ခေါင်းကွဲ၊ လက်ကျိုး။ ၁၀ နှစ်သားက ပွန်းပဲ့ဒဏ်ရာပါ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ကားခေါင်းခန်းရှိ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတယောက် သေဆုံးသွားပြီး ယာဉ်မောင်းထိခိုက်ဒဏ်ရာနဲ့ ကားနောက်ခန်းပါ ကလေး ၃ ယောက်မှာ လက်ကျိုး၊ ပြတ်ရှ၊ ခေါင်းပေါက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ယာဉ်တိုက်မှုနေရာကို လှိုင်သာယာမြို့နယ်မီးသတ်နဲ့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေက ရောက်ရှိကူညီခဲ့ကြပြီး သေဆုံးနဲ့ ထိခိုက်မိသူတွေကို သွေးဒါနမျိုးဆက် လူနာတင်ယာဉ်နဲ့ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်၊ ည ၁၁ နာရီကျော်ကလည်း အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာကြောင့် မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့တွေက ထိခိုက်သူတွေကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးခဲ့ကြပါတယ်။