
ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်မှာ ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၉ နာရီခွဲလောက်က လမ်းဘေးဆိုင်တခုကို ကားတစီးက ဝင်တိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အထက်ပန်းဆိုးတန်းတံတားကနေ ဆင်းလာတဲ့ အဖြူရောင် Mazda Bongo အမျိုးအစား လုပ်ငန်းသုံးကားဟာ ကားလမ်းဘေးဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်ထဲကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “တံတားက ဆင်းလာတဲ့ ဘက်မှာဖြစ်တာ။ မြင်တာတော့ ကားက ဆိုင်ကို ဝင်တိုက်မိထားတာ။ ခုံတွေကျိုး၊ လူနာ ၃ ဦးထွက်ပါတယ်။ ၁ ဦးက ဆေးကုသနေရင်း အရောင်ပြောင်း (သေဆုံး) သွားပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ရှိ အသက် ၆၅ နှစ်အရွယ် အလုပ်သမား အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားပြီး အသက် ၅၈ နှစ်အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့မှာ ဦးခေါင်းကွဲ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ကူညီကယ်ဆယ်ရေးကို ကတတပရဟိတအသင်းနဲ့ လင်းလက်အသင်းနဲ့ အခြားကယ်ဆယ်ရေးအဖွဲ့တွေက ရောက်ရှိကယ်ဆယ်ခဲ့ကြပြီး လူနာ ၃ ဦးကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးထားကြပါတယ်။
လူနာတွေထဲက ပြင်းထန်ဒဏ်ရာရရှိသူ အသက် ၆၅ အရွယ် အမျိုးသမီးမှာ ဆေးရုံမှာပဲ သေဆုံးသွားတာကြောင့် ရုပ်အလောင်းအမှတ် PR 027 နဲ့ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားကြပါတယ်။