Home
မြန်မာသတင်း
မြောက်ဒဂုံတွင် ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပြီး ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ
DVB
·
February 7, 2025

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်မှာ ဖေဖော်ဝါရီ ၆ ရက် ညက ဘုန်းကြီးကျောင်းတခုကပိုင်တဲ့ကား အပါအဝင် ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၃ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ည ၈ နာရီခွဲလောက်က မြောက်ဒဂုံ၊ ၄၆ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းအတိုင်း ၄၆ လမ်းဆုံကနေ မြောက်ဥက္ကလာဘက်ကို မောင်းနှင်လာတဲ့ ကားနံပါတ် NPW-7 4S-6492 BYD TANG အမျိုးအစား အဖြူရောင်ကားဟာ လမ်းဘေးရပ်နေသူတွေကို အရှိန်လွန်တိုက်မိပြီး မောင်းပြေးသွားတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အမျိုးသား ၄ ယောက်အနက် အသက် ၅၀ အရွယ် အမျိုးသားတယောက် ပွဲချင်းပြီးသေဆုံး၊ တယောက်က ဆေးရုံမှာ သေဆုံးသွားပြီး ကျန် ၂ ယောက်မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ကားနံပါတ်ပြား ပြုတ်ကျနေရာကနေ လိုက်လံစုံစမ်းမှုတွေအရ ရန်ကုန် အမြန်လမ်း ၁၈ မိုင်တောရ ကျောင်းတိုက်ပိုင် ကားတစီးဖြစ်နေပြီး သက်ဆိုင်ရာ နယ်မြေရဲတွေက ယာဉ်မောင်းဖြစ်သူကို လိုက်လံရှာဖွေနေပါတယ်။

၁၈ မိုင်တောရကျောင်း ကပ္ပိယတယောက်က “ရန်ကုန်မြို့ထဲမှာပဲ ကားကို ရပ်ပြီး ထွက်ပြေးသွားပါတယ်။ လက်ရှိတော့ ရဲတွေက လိုက်ရှာဖွေနေပါတယ်။ ယာဉ်မောင်းက အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးပါ။ ထိခိုက်မိသူတွေကို ဆေးရုံမှာ သတင်းမေးထားပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ည ၉ နာရီခွဲကျော်ကလည်း မြောက်ဒဂုံ၊ ဗထူးလမ်းမပေါ်၊ ဗထူးစျေးမီးပွိုင့်မှာ တိုယိုတာဖီဒါ တက္ကစီက အသက် ၆၅ နှစ်အရွယ် အမျိုးသားတယောက်ကို ဝင်တိုက်ခဲ့လို့ ‌ကယ်ဆယ်ရေးအဖွဲ့တွေ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။

ဝန်းရံမှူးအသင်း တာဝန်ရှိသူက “ပထမယာဉ်တိုက်မှုက ည ၈ နာရီနဲ့ ၈ ခွဲကြား၊ လူ ၄ ဦးမှာ ၂ ဦးသေဆုံး။ ဒုတိယယာဉ်တိုက်မှုက ည ၉ နာရီခွဲလောက်မှာ တက္ကစီက ဝင်တိုက်တာ။ သူ့ကို ဖမ်းမိထားပါတယ်။ အမျိုးသား ၁ ဦး သေဆုံးပါ” လို့ ပြောပါတယ်။

သေဆုံးသူ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး တက္ကစီယာဉ်မောင်းနဲ့ တိုက်မိတဲ့ကားကို သက်ဆိုင်ရာရဲတွေက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013