Home
မြန်မာသတင်း
BGF ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပေးရန် Justice For Myanmar တိုက်တွန်း
DVB
·
February 25, 2025

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ကစုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတာတွေကို ကြိုဆိုကြောင်းနဲ့ အမြန်ဆုံး ဖမ်းဝရမ်းလျှောက်ပေးဖို့ တိုက်တွန်းကြောင်း Justice For Myanmar က ဒီကနေ့ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

ဒီလိုဝရမ်းထုတ်ပေးမှုဟာ ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်လာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ငွေလိမ်ခြံတွေအတွင်းမှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးအပ်တာတွေဟာ အခြေအနေတွေ ငြိမ်သက်သွားရုံသာ ရေတိုလုပ်ဆောင်မှုသာ ဖြစ်ပြီး ဒါဟာ တရားစီရင်မှုကနေ လွတ်မြောက်ခွင့်မပေးသင့်တဲ့ အခြေအနေဖြစ်တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေဟာ မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွေမှာ တိုက်ရိုက်ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနဲ့ လူသုံးကုန်ရောင်းချမှုတွေကတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် က Justice For Myanmar ရဲ့ အစီရင်ခံစာတစ်ခု ဖော်ထုတ်ထားပါတယ်။ 

အဲဒီဖော်ထုတ်မှုထဲမှာ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သားသမီးတွေဟာ ကရင်နယ်ခြားစောင့်တပ် ကုမ္ပဏီ ၉ ခုရဲ့ ရာဇဝတ်မှုလုပ်ငန်းတွေက အကျိုးအမြတ်ရနေသလို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံ ၂ ခုမှာ ရှယ်ယာတွေ ပါဝင်နေတယ်လို့ ထုတ်ဖော်ထားကြောင်း ထုတ်ပြန်ချက်မှာ ထပ်ပြီးဖော်ပြထားပါတယ်။

“ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်း လျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် ခြေလှမ်းတရပ် ဖြစ်ပါတယ်’’ လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အလားတူပဲ မြန်မာစစ်တပ်ဟာလည်း ၂၀၂၁ ခုနှစ်မှာ မတရားစစ်အာဏာသိမ်းမှုတွေကို လုပ်ဆောင်တာတွေနဲ့အတူ ရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတခုကို လည်ပတ်လုပ်ကိုင်နေပြီး ကရင်နယ်ခြားစောင့်တပ်နဲ့အတူ ရာဇဝတ်လုပ်ငန်းတွေကို လက်သပ်မွေးထားတာဖြစ်ကြောင်း၊ ကရင်နယ်ခြားစောင့်တပ်ဟာ မြန်မာစစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိနေပြီး ပူးပေါင်းလုပ်ဆောင်နေတာလို့လည်း ထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် အရေးယူမှုတွေမှာ စစ်အုပ်စုကို အင်တာပိုနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ဖယ်ထုတ်ရေးလည်း ပါဝင်ရမယ်လို့ဆိုပါတယ်။ 

ထိုင်းအစိုးရအနေနဲ့လည်း စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုဆက်ပေးနေရင် သဘာဝဓာတ်ငွေ့ ဝယ်ယူမှုကနေတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေထောက်ပံ့နေသလိုဖြစ်ပြီး ဆိုက်ဘာငွေလိမ်မှုတွေနဲ့ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေမယ်လို့ Justice For Myanmar က ဆိုပါတယ်။ 

ဒါကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ်မိသားစုဝင်တွေနဲ့ စစ်အုပ်စု မိတ်ဆက်တွေကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကတော့ ထိုင်းအစိုးရ ဝရမ်းထုတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို သူ ခေါ်လာတာမဟုတ်ကြောင်း ငြင်းဆိုထားပြီး ကျားဖြန့်ကို အမြစ်ပြတ် နှိမ်နှင်းမယ်လို့ ပြောဆိုပါတယ်။ 

ဒါ့အပြင် ကျားဖြန့် အွန်လိုင်းငွေလိမ် လုပ်ငန်းနေရာ ၃ နေရာကို ဝင်ရောက်ရှင်းလင်းပြီး ကယ်ထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား ၆၅၀၀ ကို ၁၀ ရက်အတွင်း ပြန်ပို့ပေးမယ်လို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ဖေဖော်ဝါရီ ၂၄ ရက်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013