Home
မြန်မာသတင်း
မလေးရှား၌ ဖေဖော်ဝါရီလအတွင်း မြန်မာ ၁,၀၀၀ နီးပါး ဖမ်းဆီးခံရ
DVB
·
February 24, 2025

မလေးရှားနိုင်ငံမှာ  ဖေဖော်ဝါရီလအတွင်း အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ မြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးမှာ အော်ပရာစီ ဖမ်းဆီးပြီး အထောက်အထားမပြည့်စုံသူ လူပေါင်း ၆၃၀ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီအထဲ မြန်မာနိုင်ငံသား အယောက် ၅၃၀ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်က  ၈၅ ယောက်၊ အင်ဒိုနီးရှားက ၉ ယောက်၊ အိန္ဒိယ ၅ ယောက် ၊ နီပေါက တယောက်တို့ပါဝင်တယ်လို့ သိရပါတယ်။

မလေးရှားအခြေစိုက် Alliance Of Chin Refugee မှ အိုက်လွင်က “ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ဆလန်ဂေါပြည်နယ်၊ ကလန်းမယ်ရု မနက်ဈေးမှာ လဝကနဲ့ အဖွဲ့ပေါင်းစုံက ဝင်ဖမ်းသွားတယ်၊ အထောက်အထားမရှိတဲ့သူတွေ တရားမဝင်နိုင်ငံခြားသားတွေ အယောက် ၆၃၀ ဖမ်းတယ်။ အဲ့ထဲမှာ မြန်မာနိုင်ငံသားက ၅၃၀ ပါသွားတယ်။  အခုတလော အဖမ်းအဆီးအများဆုံးနေရာက အဲဒီနေရာ တနေရာ ဖြစ်တယ်။ ကျန်တဲ့ နေရာတိုင်းမှာလည်း ဝင်ဖမ်းနေတယ်။ မြန်မာတွေ အနည်းစုတော့ ပါကြတယ်”လို့ ပြောပါတယ်။

ဖမ်းဆီးထားသူတွေကို ဆလန်ဂေါပြည်နယ် စမုံညင်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ၁၄ ရက် ထိန်းသိမ်းထားပြီး အထောက်အထားမရှိသေးသူတွေကိုတော့ တရားရုံးတင် စစ်ဆေးမယ်လို့ သိရပါတယ်။

ကွာလာလမ်ပူ၊ ပီနန်း၊ ဂျိုဟိုးဒေသတွေနဲ့ ဆလန်ဂေါပြည်နယ်အတွင်းမှာ တရားမဝင်လုပ်သား အများဆုံး ဖမ်းဆီးခံနေကြရပြီး  နိုင်ငံအနှံ့စက်ရုံ၊ စားသောက်ဆိုင်နဲ့ ဈေးတွေမှာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဦးဆောင်ကာ အော်ပရာစီဖမ်းဆီး စစ်ဆေးနေတာပါ။

မလေးရှားနိုင်ငံမှာ အခုဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသား ၁၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ မလေးရှားရောက်မြန်မာတွေကို အကူအညီပေးနေသူတွေက‌ ပြောကြပါတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေထဲက UN စာရွက်ရှိသူတွေ လျှောက်ထားသူတွေ လျှောက်လွှာရှိသူတွေကို တရားရုံး တင်တဲ့အခါ UN ရုံးရဲ့ ထောက်ခံချက်နဲ့  ပြန်တရားရင်ဆိုင်ခွင့်ရှိပြီး ပြန်လွှတ်ပေးရတဲ့အတွက် တရားရုံးမတင်ဘဲ မြန်မာနိုင်ငံကို ပြန်ခိုင်းနေတယ်လို့ သိရပါတယ်။

Myanmar Labour Affairs and Refugees Organization ကိုမွန်ချမ်းက “UN ကို ကျနော်တို့အကြောင်းကြားပေးတယ်။ ဒါပေမဲ့ သူတို့အားလုံးကိုလည်း မကယ်ထုတ်နိုင်ဘူး၊ ဆလန်ဂေါပြည်နယ်ထဲမှာ လဝကတွေ ဘယ်လိုလုပ်သလဲဆိုရင် လက်ထဲမှာ ဘာမှ မရှိဘူး။ တချို့က စာအုပ်ရှိပြီး ပါမစ်မရှိဘူး။ အဲဒီလိုလူတွေကို တရားရုံးတင် အမိန့်ချတယ်။ ထောင်ကျတာပေါ့။ UN လျှောက်လွှာရှိတယ်ဆိုရင် တကယ်လို့ UN လျှောက်လွှာရှိတယ်ဆိုရင် တရားရုံး မှာအမှုရင်ဆိုင်ပိုင်ခွင့်ရှိတယ်။ အမှုရင်ဆိုင်ရင်  UN  ရုံးက approve လုပ်ပြီးတာနဲ့ UN ရုံးက ခွင့်ပြုရတော့မယ်လေနော်။ တရားရုံးမှာ ကျနော်တို့လူ လွတ်မြောက်နိုင်ခြေရှိတယ်။ အဲဒါကြောင့် သူတို့တွေက လုံးဝလုံးဝ  UN New Register လျှောက်ထားတဲ့သူအားလုံးကို တရားရုံး လုံးဝမထုတ်တော့ဘူး”လို့ ပြောပါတယ်။

အထောက်အထားလုံးဝ မရှိသူနဲ့ နေထိုင်ခွင့် သက်တမ်းကျော်လွန်သူတွေကိုတော့ မလေးရှားအစိုးရက တရားရုံးတင် စစ်ဆေးနေပြီး ထောင်ဒဏ် ငွေဒဏ်တွေ ချမှတ်သွားမှာ ဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

UNHCR  အနေနဲ့လည်း တရားမဝင် နိုင်ငံခြားသားတွေထဲက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ လျှောက်ထားသူတွေကို UN အထောက်အထားပေးမယ့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013