Home
မြန်မာသတင်း
ပြည်ခရိုင်အတွင်းက ပြည်သူများအတွက် PDF က စစ်ရေးသတိပေးချက် ထုတ်ပြန်
DVB
·
February 24, 2025

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းက ပြည်သူတွေအတွက် စစ်ရေးသတိပေးချက်တွေကို ပြည်ခရိုင်တပ်ရင်း ၃၆၀၂ က ဖေဖော်ဝါရီ ၂၁ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ပြည်ခရိုင်တပ်ရင်း ၃၆၀၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက “အခုအချိန်က စစ်အာဏာရှင်စနစ် လုံးဝ ပပျောက်ပြီးတော့ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးအတွက် စစ်ရေးအရ အလွန်အရေးကြီးတဲ့အချိန် ရောက်​နေပြီ ဖြစ်ပါတယ်။ ပြည်ခရိုင်ထဲမှာလည်း တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်နေတာ ပြည်သူအားလုံးအသိပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အားလျော်စွာပဲ စစ်တပ်ဘက်ကနေ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေ လုပ်နေတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်သင့်တာတွေ ကြိုတင်ပြင်ဆင်နိုင်ဖို့ အခုလို ကြိုတင်သတိပေး ထုတ်ပြန်လိုက်ရတာ” လို့ ပြောပါတယ်။

အဆိုပါထုတ်ပြန်ချက်ထဲမှာ ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံတာတွေ အပါအဝင် စစ်ရေးပစ်မှတ်တွေနဲ့ အနီးအနားတွေမှာ သွားလာနေထိုင်တာတွေ အထူးရှောင်ရှားကြဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းအချက်အလက်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စစ်ကောင်စီထံ သတင်းမပို့ကြဖို့အပြင် စစ်ကောင်စီတပ်အတွက် ရိက္ခာထောက်ပံ့တာတွေ မပြုလုပ်ကြဖို့၊ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ ဒလန်တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ဆက်ကြေးပေးပြီး လောင်းကစားဝိုင်းတွေ မပြုလုပ်ကြဖို့၊ ပြိုလဲလုနီးနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ခုတုံးလုပ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးနေတဲ့ အတွက်လည်း လုံခြုံရေးသတိ အမြဲရှိကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း အရေးပေါ်အခြေအနေ ဖြစ်လာခဲ့ရင် သယ်ဆောင်နိုင်ဖို့အတွက်လည်း ရိက္ခာ၊ ဆေးဝါးနဲ့ အရေးကြီးပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့အပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်အတွက် ဗုံးခိုကျင်းတွေ ကြိုတင်တူးထားကြဖို့လည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

“ပြည်ခရိုင်ထဲမှာဆိုရင် ပန်းတောင်း၊ ဥသျှစ်ပင်နဲ့ ပေါက်ခေါင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ စစ်ရေးတွေ တင်းမာနေတယ်ပေါ့ဗျာ။ ဒါကြောင့်မို့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အခါအားလျော်စွာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို ပြည်သူတွေဘက်ကလည်း အတူပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်” လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ တပ်ရင်းမှူး ရှင်မင်းညိုက DVB ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသေးတဲ့ ပြည်သူ့စစ်တွေ အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင်ရောက် ပူးပေါင်းကြပါလို့လည်း သူက ဆက်ပြောပါတယ်။

ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ပြီး ပြည်သူတွေကို ဖမ်းဆီးကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်ခရိုင်အတွင်းမှာလည်း အဆိုပါ လုပ်ရပ်တွေကို ကျူးလွန်နေကြတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အမြဲသတိရှိကြဖို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြည်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

Photo : ပြည်ခရိုင်တပ်ရင်း ၃၆၀၂

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013