
လီဗာပူးအသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်တော့မှာဖြစ်လို့ အကြိမ် ၂၀ မြောက် ချန်ပီယံဖြစ်သွားပြီလို့ အင်္ဂလန်နဲ့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။
လီဗာပူးဟာ မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အဝေးကွင်းမှာ ကစားခဲ့ရပေမဲ့ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယနေရာက အာဆင်နယ်ထက် တပွဲပိုကစားအပြီးမှာ ၁၁ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အတွေ့အကြုံရှိတဲ့ အသင်းတသင်းလိုဖြစ်နေပြီး ပါးရည်နပ်ရည်လည်း ရှိတာကြောင့် ချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်း နဗီးလ်က ပြောပါတယ်။
လီဗာပူးအသင်းရဲ့ သရေပွဲတွေအပေါ် အခွင့်အရေးမယူနိုင်ခဲ့တဲ့ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည် ကိုလည်း နဗီးလ်က ဝေဖန်ပါတယ်။
လီဗာပူးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရယူနိုင်မယ်ဆိုရင် မန်ယူအသင်းနဲ့ အမှတ်ပေးချန်ပီယံဆုဖလား အရေအတွက် တူညီသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးကို အနိုင်ယူခဲ့တာက ချန်ပီယံပြေးလမ်းအတွက် ထူးခြားတဲ့နိုင်ပွဲဖြစ်ကြောင်း လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာက ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ထက် တပွဲပိုအခြေအနေမှာ ၁၁ မှတ် ဖြတ်ထားနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ နိုင်ပွဲရလဒ်က ချန်ပီယံပြေးလမ်းအတွက် ထူးခြားပြီး ၄ ကြိမ်ဆက် ချန်ပီယံအသင်းကို အနိုင်ယူနိုင်ခဲ့တာကလည်း ဂုဏ်ယူစရာဖြစ်ကြောင်း ဆာလာက ပြောပါတယ်။
လီဗာပူးအသင်းအနေနဲ့ တခါတလေမှာ ဖိအားရှိတတ်တာကြောင့် စိတ်တည်ငြိမ်စွာ ကစားကာ ပွဲတိုင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူသွားချင်ကြောင်းလည်း ဆာလာက ပြောပါတယ်။
လီဗာပူးနည်းပြ အာနဲစလော့ကတော့ အသင်းရဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့မှုရဲ့ အကျိုးရလဒ်ဖြစ်ကြောင်း မန်စီးတီးကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောသွားပါတယ်။